POST TYPE

NEWS

သက်ငယ်မုဒိမ်း ကာကွယ်ရေး လွှတ်တော်တွင် ဆွေးနွေးမည်
မန္တလေး၊ ဇန်နဝါရီ ၁၁

သက်ငယ်မုဒိမ်းနှင့် အဓမ္မပြုကျင့်မှုများ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ပညာပေး အစီအစဉ်များကို အခြေခံပညာ မူလတန်းမှစ၍ ပညာပေး လုပ်ငန်းများ ပြုလုပ်ရန် ဒုတိယအကြိမ်မြောက် မန္တလေး တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်သည်။

ဇန်နဝါရီလ ၁၁ ရက်နေ့က ကျင်းပသည့် ဒုတိယ အကြိမ်မြောက် မန္တလေး တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်  အစည်းအဝေး တတိယနေ့တွင် အောင်မြေသာစံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ဦးက အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

သက်ငယ်မုဒိမ်းမှု၊ အကြမ်းဖက်မှု၊ အဓမ္မပြုကျင့်မှုများကို ပုံနှိပ် မီဒီယာနှင့် ဆိုရှယ် မီဒီယာများတွင် နေ့စဉ်နီးပါးကြား သိနေရသည်မှာ စိတ်မချမ်းသာစရာ ဖြစ်စေကြောင်း ၎င်းက ပြောကြားသည်။

“ကလေးရှိတဲ့ မိဘတိုင်း ကြိုမမြင်နိုင်တဲ့ အကြမ်းဖက်မှုတွေကြောင့် စိတ်ပူရမှုတွေ ရှိတယ်။ ပညာပေး အစီအစဉ်ကို  ကလေးအရွယ် ၃ နှစ်ကနေ ၁၂ နှစ်ကြား အရွယ်တွေကစပြီး ဆောင်ရွက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအရွယ်တွေက သက်ငယ် အကြမ်းဖက်မှုရဲ့ သားကောင်တွေ၊ အတွေ့အကြုံ နုငယ်သေးတဲ့ အရွယ်တွေ ဖြစ်လို့ပါ”ဟု ဒေါက်တာ ကျော်ဦးက ပြောကြားသည်။

ကျောင်းနေအရွယ် မရောက်သေးသည့် ကလေးများကို မူကြိုကလေးထိန်း ကျောင်းများတွင်လည်းကောင်း၊ ကျောင်း မနေနိုင်သည့် ကလေးများကို ရပ်ကွက်များအတွင်း ပညာပေးရေးအတွက် လူမှုရေး အဖွဲ့အစည်းများ၊ ပရဟိတ အဖွဲ့အစည်းများ၏ အကူအညီကို ရယူ၍လည်းကောင်း ပြုလုပ်ရမည်ဖြစ်ပြီး အသက် ငယ်ရွယ်စဉ်ကပင် သင်ကြားပေးခြင်းဖြင့် ဆယ်ကျော်သက်အရွယ်အထိ အကြမ်းဖက်ခံရမှုဘေးမှ ကြိုတင် ကာကွယ်တတ်ခြင်း၊ တုံ့ပြန်တတ်ခြင်းနှင့် အချိန်မီ တိုင်ကြား သတင်းပေးနိုင်ခြင်းတို့ကို အထောက်အပံ့ဖြစ်စေကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“သက်ငယ်အကြမ်းဖက်မှုကို ကာကွယ်ခြင်းဟာ မြန်မာ့ယဉ်ကျေးမှုကို ကာကွယ်ခြင်းဖြစ်သလို အနာဂတ် မြန်မာ နိုင်ငံတော်ကို ကာကွယ်ခြင်းလည်း ဖြစ်ပါတယ်”ဟု ဒေါက်တာကျော်ဦးက ထပ်လောင်း ပြောကြားသည်။

ဒေါက်တာ ကျော်ဦး၏ အဆိုကို ပုသိမ်ကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးက ထောက်ခံ ဆွေးနွေးခဲ့သည်။

“ကလေးတွေဟာ ကျွန်တော်တို့ရဲ့ အနာဂတ်ပါ။ စာသင်ကျောင်းတွေမှာ တင်မကဘဲ ရပ်ထဲရွာထဲမှာပါ CSO တွေနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ရင် ပိုပြီးထိရောက်မှာပါ”ဟု ဦးရဲမင်းဦးက ပြောဆိုသည်။

ယင်းအဆိုကို ဆွေးနွေးရန် သင့် မသင့် လွှတ်တော်၏ သဘောထားကို ရယူခဲ့ရာ ကိုယ်စားလှယ်များက သဘော တူညီခဲ့သဖြင့် ယခု ကျင်းပနေသည့် လွှတ်တော် အစည်းအဝေးအတွင်း ကိုယ်စားလှယ်များ ဆွေးနွေးကြမည်ဖြစ်သည်။ 

LC