News

POST TYPE

NEWS

နမ့်ဆန်၌ တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်
ရန်ကုန်၊ ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့၌ တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တို့ကြား ဇန်နဝါရီ ၁၀ ရက်က တိုက်ပွားများ ဖြစ်ပွားလျက်ရှိကြောင်း မြောက်ပိုင်း မဟာမိတ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာဘုန်းကျော် (TNLA)က ပြောသည်။

နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာအနီး၌ တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲများ သုံးကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ထံမှ သိရသည်။

“တိုက်ပွဲက နမ့်ဆန်မြို့အတွင်းမှာ ဖြစ်တာတော့ မဟုတ်ဘူး။ မြို့အပြင်က ဇယန်းကြီးရွာမှာ သုံးကြိမ်လောက် ထိတွေ့မှုတွေ ဖြစ်တယ်။ တပ်မတော်က လက်နက်တွေနဲ့ အပြင်ဘက်ကို ပစ်နေတယ်”ဟု ဗိုလ်မှူးကြီး တာဘုန်းကျော်(TNLA)က ပြောသည်။

နမ့်ဆန်မြို့နယ်အတွင်း မြောက်ပိုင်းအဖွဲ့နှင့် တပ်မတော် တိုက်ပွဲများ ဖြစ်ပေါ်ခြင်းကြောင့် ဒေသခံပြည်သူများသည် နမ့်ဆန်မြို့ပေါ်နှင့် ဘုန်းတော်ကြီးကျောင်းများသို့ ရွှေ့ပြောင်းလျက်ရှိပြီး နမ့်ဆန်မြို့ပေါ်တွင် တည်ငြိမ်လျက်ရှိကြောင်း၊ တပ်မတော်က တပ်ဖြန့်ထားကြောင်း ဒေသခံ SNLD ပါတီဝင် တစ်ဦးက ပြောသည်။

“၁၁ နာရီလောက်ကစပြီး လက်နက်ကြီးသံတွေ ကြားနေရတယ်။ မြို့ပေါ်ကိုတော့ တပ်မတော်က တပ်ဖြန့်ထားတယ်”ဟု SNLD ပါတီဝင် တစ်ဦးက ပြောသည်။

မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု (TNLA, AA, MNDAA, KIA) သည် နိုဝင်ဘာ ၂၀ ရက်မှစတင်၍ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့နယ်ရှိ တပ်မတော်စခန်းများ၊ ရဲတပ်ဖွဲ့စခန်းများနှင့် ၁၀၅ ကုန်သွယ်ရေး စခန်းကို ၀င်ရောက် တိုက်ခိုက်ခဲ့၍ တရုတ်-မြန်မာ ကုန်သွယ် စီးဆင်းမှု ပြတ်တောက်ခဲ့ခြင်းကြောင့် သွင်းကုန်ပို့ကုန်များ ရပ်ဆိုင်းခဲ့ရသည်။ အလားတူ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများ၌ ယနေ့အချိန်ထိ မြောက်ပိုင်း မဟာမိတ် အဖွဲ့များနှင့် တပ်မတော်တို့ စစ်ရေးတင်းမာလျက် ရှိနေသည်။

“တိုက်ပွဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ကျွန်တော်က အခုမှ ပြည်နယ်လွှတ်တော်က ပြန်နေတာ”ဟု နမ့်ဆန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွန်းက ပြောသည်။

အဆိုပါ တိုက်ပွဲများ ဖြစ်ပေါ်သည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးညွှန့်လွင်ထံ ဆက်သွယ် မေးမြန်းသော်လည်း အစည်းအဝေး တက်ရောက်နေသည့်အတွက် မေးမြန်းခွင့် မရခဲ့ပေ။ 

J-07