News

POST TYPE

NEWS

အများပိုင် ဘတ်စ်ကားစီး ခရီးသည်များကို ကူညီရန် စေတနာ့ဝန်ထမ်းများခေါ်

ရန်ကုန်၊ ဇန်နဝါရီ ၁၀

အများပိုင် ဘတ်စ်ကားစနစ်ကဲ့သို့ ဇန်နဝါရီလ ၁၆ ရက်တွင် ပြေးဆွဲမည့် ယာဉ်လိုင်းကြောင်းသစ်များတွင် ခရီးသွား ပြည်သူများအတွက် အခက်အခဲများကို ကူညီရန် မြို့နယ်အလိုက် စေတနာ့ဝန်ထမ်းများကို ခေါ်ယူနေကြောင်း ရန်ကုန် ဘတ်စ်ကား ၀န်ဆောင်မှု YBS ၏ လူမှုကွန်ရက် စာမျက်နှာထံမှ သိရသည်။

ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေး  စနစ်ကို ပြောင်းလဲလိုက်ခြင်းကြောင့် ပြည်သူများကြား ဘတ်စ်ကား စီးနင်းရာ အခက်အခဲ မဖြစ်စေရန် စေတနာ့ဝန်ထမ်း လုပ်ကိုင်လိုသူများက ကူညီပေးရန် အဆိုပါ စာမျက်နှာတွင် နှိုးဆော်ထားပြီး ပါဝင် လုပ်ကိုင်လိုသူများသည် သက်ဆိုင်ရာ မြို့နယ်များ၏ လွှတ်တော်ကိုယ်စားလှယ်များထံတွင် စာရင်း ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာတော့ အရေအတွက်ကို ကန့်သတ် မထားဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေ စေတနာ့ ၀န်ထမ်းတွေက အဲ့နေ့မှာ လက်ကမ်း စာစောင်တွေ ဝေတာ၊ မှတ်တိုင်တွေမှာ ရှင်းပြတာတွေကို လုပ်ရမှာပါ”ဟု ပို့ဆောင်ရေး၊ ဆက်သွယ်ရေး ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာ ကော်မတီဝင် ပန်းဘဲတန်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဆိုသည်။

သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ လွှတ်တော်ကိုယ်စားလှယ်များထံသို့ စေတနာ့ဝန်ထမ်း လုပ်ကိုင်လိုသူများ၏ စာရင်း လက်ခံမည်ဖြစ်ပြီး ဇန်နဝါရီ လ ၁၃ ရက်တွင် အဆိုပါ စေတနာ့ဝန်ထမ်းများကို ယာဉ်လိုင်းကြောင်းသစ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပညာပေးမှုများ ကြိုတင်ပြုလုပ်ရန် စီစဉ်ထားကြောင်း ဦးသန်းနိုင်ဦးက ဆက်လက် ပြောဆိုသည်။

“တစ်မြို့လုံးအနေနဲ့ စေတနာ့ဝန်ထမ်းတွေက ဘယ်လောက် လိုမယ်ဆိုတာကတော့ အတိအကျ မပြောနိုင်သေးဘူး။  ခရီးသည်တွေကို အဓိကအားဖြင့် အင်ဖော်မေးရှင်း ပေးဖို့အတွက်ပါ”ဟု ရန်ကုန် အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်တွင် စတင် ပြေးဆွဲမည့် ဘတ်စ်ကားစနစ်တွင် လက်ရှိ ယာဉ်လမ်းကြောင်း ၆၀ ရှိပြီး မှတ်တိုင်ပေါင်း လေးထောင်ခန့် ပါဝင်နိုင်မည်ဖြစ်သည်။

အသစ် ပြောင်းလဲပြေးဆွဲမည့် အများပိုင်ဘတ်စ်ကား ယာဉ်လိုင်းကြောင်း အသစ်များနှင့်ပတ်သက်၍ ပြည်သူများအကြား ယာဉ်စီးခများ ပိုမို ကုန်ကျနိုင်ကြောင်းနှင့် မိမိ သွားရောက်မည့် ခရီးစဉ်များအတွက် အလွယ်တကူ သိရှိနိုင်ရန် ခက်ခဲနေသေးကြောင်း ဝေဖန်မှုများ ရှိသည်။

J-14