News

POST TYPE

NEWS

၆၆ (ဃ) ဖြင့် စွဲဆိုခံထားရသူ ဦးမျိုးရန်နောင်သိမ်း ရုံးချိန်း NLD နာယက ဦးတင်ဦး လာရောက်
ရန်ကုန်၊ ဇန်န၀ါရီ ၆

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်သိက္ခာ ထိခိုက်အောင် လူမှုကွန်ရက်တွင် ရေးသားခဲ့သည့်စွဲချက်နှင့် ဆက်သွယ်ရေး ပုဒ်မဖြင့် တရားစွဲဆိုခံထားရသော ဦးမျိုးရန်နောင်သိမ်း၏ ဇန်န၀ါရီလ ၆ ရက်နေ့ ရုံးချိန်းသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး လာရောက်ခဲ့သည်။

ဇန်န၀ါရီလ ၆ ရက်နေ့ ကမာရွတ်မြို့နယ် တရားရုံးချိန်းတွင် တရားလိုပြ သက်သေအဖြစ် ၈ ဦး တင်သွင်းထားပြီး ပထမဦးဆုံးအဖြစ် လှိုင်မြို့နယ် မြို့မရဲစခန်းမှူး ကျော်ဇောနှင့် အရပ်သား တစ်ဦးကို တရားခွင်တွင် စစ်ဆေးစဉ် ဦးတင်ဦးက လာရောက်ခဲ့ခြင်းဖြစ်သည်။

တရားခွင် စစ်ဆေးမှုအပြီးတွင် ဦးတင်ဦးကို ကန်တော့ခွင့်ရရန် ဦးမျိုးရန်နောင်သိမ်း၏ လက်ထိပ်ကို တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက ဖြုတ်ပေးခဲ့သည်။

“ဘဘကိုယ်တိုင်က လက်မခံတာ။ သူ့ကို ကန်တော့မယ်ဆို အချုပ်အနှောင်နဲ့ မကန်တော့ပါနဲ့တဲ့။ အဲဒါကြောင့် ကိုမျိုးရန်နောင်သိမ်းကလည်း ပြောတော့ ဒီဘက်(ရဲ)ကလည်း ဖြုတ်ပေးပါတယ်။ အလုပ်ကိစ္စပိုင်းဆိုင်ရာ ကျန်းမာရေးကို သတင်းလာမေးတဲ့ သဘောပါပဲ”ဟု ဦးမျိုးရန်နောင်သိမ်း၏ ဇနီးဖြစ်သူ ဒေါ်ချိုချိုက ပြောဆိုသည်။

ဦးမျိုးရန်နိုင်သိမ်းကို တရားစွဲထားသည့် ဆက်သွယ်ရေး ပုဒ်မမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၏ ကြိုတင်ခွင့်ပြုမိန့်ပါရှိမှ တရားစွဲတင်နိုင်မည် ဖြစ်သော်လည်း အမှုတွင် ပို့/ဆက်ဝန်ကြီးဌာနမှ အကြောင်းကြားစာသာ ပေးပို့ခဲ့သည့်အပေါ်တွင် တရားစွဲဆို ခံထားရသူ၏ ရှေ့နေ ဦးကျော်ဟိုးက ပြဋ္ဌာန်းချက်နှင့် မကိုက်ညီသဖြင့် အမှု ဆက်လက် မစစ်ဆေးရန် သို့မဟုတ် အာမခံပေးရန် ယခင် ရုံးချိန်းများတွင် တင်ပြတောင်းဆိုမှု ရှိခဲ့သည်။

သို့သော် မြို့နယ် တရားသူကြီးက အကြောင်းကြားစာမှာ ကြိုတင်ခွင့်ပြုချက်ပေးသည့် သဘော သက်ရောက်ကြောင်း တရားခွင်တွင် ကြားဖြတ် အမိန့်ချမှတ်ခဲ့သည်။

“ဒါက အကြောင်းကြားစာ။ ကြိုတင်ခွင့်ပြချက် မဟုတ်ဘူးပေါ့လေ။ ဒါကို သူ(တရားသူကြီး) က ဟုတ်တယ်လို့ ပြောတယ်။ ဘယ်တတ်နိုင်ပါ့မလဲ”ဟု ဦးမျိုးရန်နောင်သိမ်းရှေ့နေ ဦးကျော်ဟိုးက ပြောကြားသည်။

ဗေဒါ Institute တည်ထောင်သူ တစ်ဦးဖြစ်သည့် ဦးမျိုးရန်နောင်သိမ်းကို ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယ ဗိုလ်မှူးကြီးလင်းထွန်းက တရားလိုပြု၍ စွဲဆိုထားခြင်းဖြစ်သည်။