POST TYPE

NEWS

ဒေါ်နယ်ထရမ့်ရဲ့ Twitter မှာ ရေးထားသမျှ ဆိုက်ကြီးပုံနှိပ်ပြီး လွှတ်တော်ထဲ ဘာနီဆန်းဒါးစ် ဆွေးနွေး
06-Jan-2017 tagged as ဒေါ်နယ်ထရမ့်

အမေရိကန် ရွေးကောက်တင်မြှောက်ခံ သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ လူမှုကွန်ရက် မီဒီယာမှာ တင်ထားသမျှတွေ ကိစ္စကို ဒီမိုကရက်တစ်ပါတီမှ အမတ် ဘာနီဆန်းဒါးက လွှတ်တော်ထဲမှာ ဆွေးနွေးခဲ့ပါတယ်။

သူဟာ Twitter မှာ ထရမ့်တင်ထားတဲ့ စာကြောင်းတွေကို ပိုစတာကြီးတွေ ထုတ်လာပြီးတော့ ဆီးနိတ်လွှတ်တော်ထဲမှာ သရုပ်ပြခဲ့ပါတယ်။

အိုဘားမားရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် Obamacare ကို ပြန်လည်ရုပ်သိမ်းဖို့ ကိစ္စကို လွှတ်တော်အမတ်တွေ ဆွေးနွေးကြတဲ့အခါ ဆန်းဒါးစ်ဟာ ထရမ့်ပြောခဲ့ဖူးတဲ့ ဝန်ဆောင်မှုတွေကို ရုပ်သိမ်းမှာ မဟုတ်ဘူးဆိုတဲ့ Twitter ပေါ်မှာ ရေးထားခဲ့မှုကို သက်သေနဲ့တကွ ပြပြီး ထောက်ပြခဲ့ပါတယ်။

“လူမှုဖူလုံရေး၊ ကျန်းမာရေး စောင့်ရှောက်မှု စတာတွေကို ဖြတ်တောက်မှာ မဟုတ်တဲ့ သမ္မတလောင်း တစ်ယောက် ဖြစ်ပါတယ်” လို့ ထရမ့်က ပြောကြားရေးသားဖူးပါတယ်။ 

အိုဘားမားအစိုးရက ပေးသွားတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို ဖြတ်တောက်မယ့် အဆိုပါ ဥပဒေကြမ်းကို သမ္မတထရမ့်က ဗီတိုနဲ့ မပယ်ပေးဘူးဆိုရင် သူဟာ လူလိမ်တစ်ယောက်ပဲ ဖြစ်ပါလိမ့်မယ်လို့ ဘာနီဆန်းဒါးစ် က ပြောကြားခဲ့ပါတယ်။

“သန်းပေါင်းများစွာသော ပြည်သူတွေဟာ သူ ကတိတည်မယ်လို့ ယူဆလို့ မဲပေးခဲ့ကြတာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ထရမ့်သာ ရိုးသားမယ်ဆိုရင် ရီပတ်ဗလစ်ကန်တွေ အနေနဲ့ အချိန်ဖြုန်းပြီး ဝန်ဆောင်မှုတွေကို လျှော့တဲ့ အစီအစဉ်တွေ မလုပ်ဖို့အတွက် Twitter မှာ ရေးကောင်း ရေးပါလိမ့်မယ်လို့လည်း မစ္စတာဆန်းဒါးစ်က ပြောလိုက်ပါသေးတယ်။

ဘာနီဆန်းဒါးစ်ဟာ ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပါတီတွင်း သမ္မတလောင်းရွေးပွဲမှာ ဟီလာရီကလင်တန်ကို ရှုံးနိမ့်ခဲ့သူ ဖြစ်ပါတယ်။                                                                 
F-02