News

POST TYPE

NEWS

မစ္စယန်ဟီးလီ ယခုလအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်
03-Jan-2017 tagged as မောင်တော

ရန်ကုန်၊ ဇန်န၀ါရီ ၃

ကုလသမဂ္ဂမှ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီသည် ယခုလအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက်မည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ  ဦးအေးဝင်းက The Voice သို့ ပြောသည်။

“ပုံမှန်လာမယ့်ခရီးစဉ်ဖြစ်တယ်။ တစ်နှစ်ကို နှစ်ကြိမ်လောက် လာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံခရီးစဉ်မှာ ရခိုင်ပြည်နယ်ကိုလည်း သွားမယ်”ဟု ဦးအေးဝင်းက ပြောကြားသည်။

မစ္စယန်ဟီးလီသည် ယင်းခရီးစဉ်အတွင်း နယ်စပ်ဒေသများရှိ စစ်ရှောင်စခန်းများသို့လည်း သွားရောက်ရန်ရှိကြောင်း ကုလသမဂ္ဂ လက်အောင်ခံ အဖွဲ့များထံမှ သိရသည်။

“မစ္စယန်ဟီးလီ မြန်မာနိုင်ငံကို လာဖို့ ရှိပါတယ်”ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန (နိုင်ငံခြားရေးရာ ဦးစီးဌာန-ညွှန်ကြားရေးမှူးချုပ်) ဦးကျော်ဇေယျကလည်း အတည်ပြု ပြောဆိုသည်။

မစ္စယန်ဟီးလီသည် အစိုးရအဖွဲ့များ၊ လူ့အခွင့်အရေး အဖွဲ့များနှင့် တွေ့ဆုံရန် စီစဉ်ထားပြီးဖြစ်ကြောင်း ညီညွတ်ခြင်းမြန်မာ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဆိုသည်။

“သူက ဇန်န၀ါရီ ၁၇၊ ၁၈ ရက်လောက် ရောက်မယ်။ ရန်ကုန်မှာ တွေ့တာ ရှိတယ်။ ဘူးသီးတောင်၊ မောင်တောဘက်လည်း သွားမယ်လို့ကြားတယ်။ သူက အစိုးရသစ်လက်ထက်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး စံချိန်သတ်မှတ်ချက်တွေ ဆောင်ရွက်ထားတာ ရှိတယ်။ ၂၀၁၆ မှာ သူ့ကိုပေးတဲ့တာဝန်က တိုးတက်မှုကို တိုင်းတာဖို့ တာဝန်ပေးထားတယ်။ အဆိုပါ ကိစ္စရပ်တွေကို သုံးသပ်ဖို့  ဖြစ်မယ်လို့ ထင်တယ်”ဟု ဦးအောင်မျိုးမင်းက ပြောသည်။

အစိုးရသစ်လက်ထက်၌ မစ္စယန် ဟီးလီသည် မြန်မာနိုင်ငံ ခရီးစဉ်ကို ၂၀၁၆ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှ ဇူလိုင်လ ၁  ရက်နေ့အထိ လာရောက်ခဲ့ပြီး ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့သို့ သွားရောက်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့ဝန်ကြီးများနှင့် တွေ့ဆုံခဲ့သည်။                        

J-07