News

POST TYPE

NEWS

ရွှေတြိဂံ သံသရာ
02-Jan-2017 tagged as တပ်မတော် KIA

AKS ဘာသာပြန်ဆိုသည်။ 

ယခုဆောင်းပါးမှာ အာရှ၏ နာမည်ကျော် Asian Times အွန်လိုင်းမဂ္ဂဇင်းတွင် ဖော်ပြပါရှိသော ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုခြင်း ဖြစ်ပြီး ဆောင်းပါးပါ အာဘော်များမှာ ယင်းမဂ္ဂဇင်း၏ အာဘော်သာ ဖြစ်ကြောင်း ဖော်ပြလိုပါသည်။ 

မြန်မာနိုင်ငံဟူသည် အရှေ့တောင်အာရှဒေသတွင် ဘိန်းအများဆုံး ထုတ်လုပ်သည့်နိုင်ငံ ဖြစ်ပြီး ကမ္ဘာ့အဆင့်တွင်မူ အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယအကြီးဆုံး ဖြစ်သည်။ မြန်မာတပ်မတော် အနေနှင့် တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာ ဒေသများကို ကိုင်တွယ်ထိန်းချုပ်ရန် လက်နက်ကိုင် အုပ်စုများအပေါ် မှီခိုနေရသေးသရွေ့ ဘိန်းနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချသည့် တရားမဝင် လုပ်ငန်းတို့မှာလည်း ဆက်လက် အားကောင်းမောင်းသန် ဖြစ်နေမည်မှာ အသေအချာပင်။ 

တောင်ပြာတန်းဟု မြန်မာတို့ တင်စားခေါ်ဆိုလေ့ ရှိသည့် ရှမ်းပြည်နယ်မှ တောင်ကုန်း၊ တောင်တန်းများကို ဖုံးလွှမ်းထားသည့် အနီနှင့် အဖြူရောင် ဘိန်းပန်းလေးများမှာ ယခုဆိုလျှင် ညိုမွဲမွဲ အရောင်ပြောင်းသွားပြီ ဖြစ်သည်။ ရှမ်းပြည်နယ်ရှိ ဆလုံတုံကျေးရွာတွင် စိုက်ပျိုးထားသော ဘိန်းပင်များအားလုံး ရိတ်သိမ်းပြီးသွားလေပြီ။ ဘိန်းအဆီ၊ အနှစ်များကို ထုတ်ယူပြီးနောက် ကုန်သည်များက အလုအယက် ဝယ်ယူကြလေသည်။ သူတို့ ဝယ်ယူထားသည့် ဘိန်းအဆီ၊ အနှစ်များမှာ ယခုဆိုလျှင် ထိုင်းနိုင်ငံ၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့မှ တစ်ဆင့် ဘိန်းဖြူမှောင်ခို စီးပွားလုပ်ငန်းကြီး ကောင်းစွာ လည်ပတ်နိုင်ရေးအတွက် ဦးတည်သွားကြပြီလည်း ဖြစ်လေသည်။ 

ရားဟူမှာ အသက် ၂၂ နှစ်အရွယ် ကယန်း တိုင်းရင်းသားလေးတစ်ဦး ဖြစ်သည်။ သူသည် ပင်လောင်းမြို့နယ်၏ ဝေးလံခေါင်သီလှသော တောင်ကုန်းတောင်တန်းများရှိရာ ဒေသမှ ကျေးရွာငယ်လေး တစ်ခုတွင် နေထိုင်သည်။ သူသည်လည်း အဆိုပါ ကျေးရွာတွင် နေထိုင်သူ အများစုကဲ့သို့ပင် ဘိန်းပင်များ စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် လယ်ယာမြေ ခပ်သေးသေးလေးကို ပိုင်ဆိုင်သည်။ ယင်းကျေးရွာငယ်လေးတွင် ဘိန်းပင်ဟူသည်မှာ ငွေအဖြစ် ဖန်တီးပေးနိုင်သည့် တစ်ခုတည်းသော သီးနှံပင် ဖြစ်တော့သည်။ 

ရားဟူကို သူ၏ဘိန်းခင်းထဲတွင် အလုပ်လုပ်နေသည်ကို တွေ့ရသည်။ သူ ကလေးဘဝ ကတည်းက လုပ်ခဲ့ရသည့် အလုပ်မှာလည်း ယခုတွေ့ရသည့်အတိုင်း ဘိန်းအဆီ၊ အနှစ် ထုတ်ယူနိုင်ရေးအတွက် ဘိန်းသီးများကို ဖြတ်တောက်သည့် အလုပ်ပင် ဖြစ်သည်။ 

“ဒီအလုပ်က မကောင်းတဲ့အလုပ် ဆိုတာ ကျွန်တော်တို့ သိတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ပိုက်ဆံလိုတော့ လုပ်ရတာပေါ့။ တခြားသီးနှံပင်တွေ စိုက်ပျိုးပြီး ရှင်သန်ရပ်တည်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ဈေးရတာ အရမ်းနည်းတယ်၊ သယ်ယူပို့ဆောင်ရေးကလည်း အင်မတန်မှ ခက်ခဲလွန်းပါတယ်ဗျာ” ဟု ရားဟူက ပြောလေသည်။ 

သို့သော် ဘိန်းစိုက်ပျိုးသည်ဟူသော အလုပ်မှာ အန္တရာယ် ကြီးမားလှသည့် အလုပ်ဖြစ်သည်။ မကြာသေးခင်ကဘဲ ရားဟူ၏ ဘိန်းခင်းငယ်လေးကို မြန်မာ့တပ်မတော်က မီးရှို့ကာ ဖျက်ဆီးပစ်ခဲ့သည်။ မူးယစ်ဆေးဝါး အရေးကိစ္စအပေါ် အစိုးရ၏ တစ်ခုတည်းသော တုံ့ပြန်မှုမှာ တိုက်ဖျက်ရေးသက်သက် ဖြစ်နေသည်။ ယင်းတုံ့ပြန်မှုကြောင့် ဒေသခံ လယ်သမားများမှာ ဒုက္ခရောက်သထက် ရောက်နေရသည်။ ပြဿနာဇာစ်မြစ်ကို မဖြေရှင်းနိုင်ဘဲ ပြဿနာ တစ်ခုကနေ နောက်ထပ် ပြဿနာတစ်ခုဆီ ရောက်အောင် ပြောင်းလဲပေးနေသကဲ့သို့ ဖြစ်နေသည်။ 

ကမ္ဘာ့ဒုတိယအကြီးဆုံး ဘိန်းထုတ်လုပ်သည့် နိုင်ငံ

မြန်မာနိုင်ငံတွင်း ဘိန်းပင်စိုက်ပျိုးသည့် ကျေးရွာအတော်များများမှာ လူသူအရောက်အပေါက် နည်းလှသည့်၊ တစ်နည်းအားဖြင့် လူသူသိပ်မသိလှသည့် နေရာများတွင် ရှိသည်။ မြို့တစ်မြို့နှင့် တစ်မြို့ ဆက်သွယ်ပေးသော ပင်မလမ်းမကြီးများနှင့် အတော်အတန် ဝေးကွာလှသည့် နေရာတွင် ရှိကြသည်။ မြန်မာသည် အာဖဂန်နစ္စတန်နိုင်ငံ ပြီးလျှင် ကမ္ဘာပေါ်၌ ဒုတိယ ဘိန်းအများဆုံး ထုတ်လုပ်သည့်နိုင်ငံ ဖြစ်သည်။ မြန်မာတွင် ဖြစ်ထွန်းသော ဘိန်းပင် ၉၀ ရာခိုင်နှုန်းမှာ ရှမ်းပြည်နယ်ရှိ လူသူသိပ်မသိလှသော အဆိုပါ တောင်ပြာတန်းကြီးများပေါ်တွင်ဖြစ်သည်။ ရှမ်းပြည်နယ်ဟူသည်ကား  နှစ်ကာလကြာမြင့်စွာ ပြည်တွင်းစစ် ဖြစ်နေသော နယ်မြေဖြစ်ရာ ဘိန်းဖြူဟူသည် ယင်းပြည်တွင်းစစ်က မွေးထုတ်ပေးလိုက်သည့် စီးပွားရေးတစ်ခုသဖွယ် ဖြစ်သည်။ 

“ကျေးလက်ဒေသများတွင် စားနပ်ရိက္ခာ အလုံအလောက် မရှိမှုနှင့် ဆင်းရဲနွမ်းပါးမှုတို့က တရားမဝင် ဘိန်းဖြူစိုက်ပျိုးမှုကို တွန်းအားပေးလျက်ရှိသည်။ ထို့ပြင် ရှမ်းနှင့် ကချင်ပြည်နယ်တွင်း တိုင်းရင်းသားလူမျိုးစုဆိုင်ရာ တင်းမာမှုများနှင့် စစ်မက်ပဋိပက္ခတို့က ယင်းဘိန်းစိုက်ပျိုးမှု ပိုမိုအခိုင်အမာ ဖြစ်အောင် လုပ်ဆောင်ပေးလျက် ရှိသည်” ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ဆိုထားပါသည်။ 

အာရှတွင် ဘိန်းဖြူထုတ်လုပ်မှုနှင့် ပတ်သက်လာလျှင် နာမည်ပျက်ဖြင့် ကျော်ကြားသည့် ရွှေတြိဂံဒေသကို လူတိုင်းသိကြပါလိမ့်မည်။ မြန်မာ၊ ထိုင်းနှင့် လာအို အိမ်နီးချင်း သုံးနိုင်ငံ ထိစပ်နေသည့် ဒေသတွင် ရှိသည်။ ယင်းရွှေတြိဂံဒေသတွင် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အကြား ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှုတို့ သိသိသာသာ လျော့ကျသွားပြီ ဖြစ်သည်ဟု သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အစိုးရတို့က ဆိုသော်လည်း ဘိန်းစိုက်ပျိုးမှုများ ဆက်လက်ဖြစ်ထွန်းနေသည်မှာ အသေအချာပင် ဖြစ်သည်။ လတ်တလောနှစ်များ (၂၀၁၅ ခုနှစ်အထိ) ယင်းဒေသတွင် ဘိန်းပင်စိုက်ပျိုးသည့် ဟက်တာပေါင်း ၅၅၀၀၀ ခန့်ထိ ရှိလာသည်။ ၂၀၀၆ ခုနှစ်တွင်မူ ဟက်တာပေါင်း ၂၀၀၀၀ ခန့်သာ ရှိခဲ့ပါသည်။ 

အိမ်နီးချင်း တရုတ်နိုင်ငံမှ ဝယ်လိုအား မြင့်တက်လာခြင်းသည် ရွှေတြိဂံဒေသတွင် ဘိန်းစိုက်ပျိုးမှုမြင့် တက်လာရသည့် အဓိက အကြောင်းအရင်းများအနက် တစ်ခုအပါအဝင် ဖြစ်လေသည်။ ထို့ပြင် ယင်းသို့ ဝယ်လိုအား မြင့်တက်လာမှုက ဆယ်စုနှစ်များစွာ ကိစ္စမပြတ်ဘဲ ဖြစ်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်မက်ပဋိပက္ခ အသက်ဆက်ရန် အခွင့်ကောင်းတစ်ရပ်ကို ဖန်တီးပေးနေသကဲ့သို့ ဖြစ်လေသည်။ 

ရားဟူကဲ့သို့သော ဘိန်းစိုက်ပျိုးသည့် လယ်သမားတွေ အတွက်တော့ လက်နက်ကိုင် အဖွဲ့အစည်းများ လာရောက်အခွန်ကောက် (ဆပ်ကြေးတောင်း) သည့် ကိစ္စမျိုးကို ရိုးအီနေပြီ ဖြစ်လေသည်။ သူတို့ကို ဆပ်ကြေးငွေ မှန်မှန်ပေးပါမှ ဘိန်းခင်းများ ဖျက်ဆီးခံရမည့် အန္တရာယ်ကို ကာကွယ်နိုင်မည် ဖြစ်လေသည်။  

နိုင်ငံရေးဟူသည့် အကြောင်းပြချက်ဖြင့် လက်နက်ကိုင် တော်လှန်နေသော တိုင်းရင်းသား အဖွဲ့အစည်းတွေ ဘိန်းစိုက်တောင်သူတွေထံမှ အခွန်ငွေ ကောက်ခံမှုများ ရှိသလို မြန်မာစစ်တပ် (တပ်မတော်) ကျောထောက်နောက်ခံ ပေးထားသည့် ပြည်သူ့စစ်ဟု ခေါ်သော လက်နက်ကိုင်အဖွဲ့သည်လည်း ဘိန်းဖြူစီးပွားရေးတွင် နက်နက်ရှိုင်းရှိုင်းပင် ပါဝင်ပတ်သက်မှု ရှိနေလေသည်။ 

“မြန်မာအစိုးရတပ်ဖွဲ့တွေမှာ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေကို တိုက်ခိုက်နိုင်ရေးအတွက် ပြည်သူ့စစ် တပ်ဖွဲ့ဝင်သစ်တွေ စုဆောင်းတဲ့ မူဝါဒ ရှိပါတယ်။ အပြန်အလှန်အားဖြင့် ပြည်သူ့စစ်တွေက ဒေသခံ စစ်ခေါင်းဆောင်တွေအဖြစ် လှုပ်ရှားခွင့် ရကြတယ်၊ တရားဝင် စီးပွားရေးရော၊ တရားမဝင် စီးပွားရေးတွေပါ လုပ်ကိုင်ခွင့် ရကြတယ်” ဟု ပလောင်အမျိုးသမီးအဖွဲ့မှ တက်ကြွလှုပ်ရှားသူ မေပိုးငဲက ပြောပါသည်။ 

“နောက်ပြီးတော့ အဲဒီမှာ နောက်ထပ် ပလေယာ (Player) တစ်ဖွဲ့ ရှိပြန်သေးတယ်။ ရှမ်းပြည်တောင်ပိုင်း တပ်မတော် ဆိုတာပါ။ သူတို့က ဘိန်းတိုက်ဖျက်ရေးကို အကာအကွယ်ပေးတယ်၊ ပြီးတော့ အခွန်ကောက်တယ်ပေါ့” ဟု UNODC မှ ဂျိုချန်ဝီးစ်က ဆိုပါသည်။ 

ဆိုရလျှင် ယင်းပြည်သူ့စစ်အဖွဲ့မှာ ရှမ်းပြည်နယ်တစ်လွှား အတားအဆီးမရှိ လွတ်လွတ်လပ်လပ်ပင် လှုပ်ရှားခွင့်ရနေဟန် ရှိလေသည်။ နောက်ထပ် ဖော်ပြစရာ ပြည်သူ့စစ်အဖွဲ့ တစ်ဖွဲ့လည်း ရှိပါသေးသည်။ ကောင်းခါးပြည်သူ့စစ် ဖြစ်သည်။ တပ်ဖွဲ့ဝင်အင်အား ၂၀၀ ခန့် ရှိသည့် ကောင်းခါးပြည်သူ့စစ်၏ ခေါင်းဆောင်မှာ ဦးတီခွန်မြတ်ဖြစ်ပြီး ၎င်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်ကာ ကွတ်ခိုင်မြို့နယ်အတွက် နှစ်ကြိမ်တိတိ ရွေးကောက်တင်မြှောက် ခံထားရသည်။ လက်ရှိတွင် ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်နေသည်။ 

နယ်ခြားစောင့်တပ်

“ကျွန်တော်တို့ အစိုးရ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ပြည်သူ့စစ်တွေ နေရာတကာမှာ ရှိတယ်။ သူတို့က မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတယ်။ ဒေသခံ ရွာသားတွေကို သူတို့အတွက် ဖိအားပေးပြီး အလုပ်လုပ်ခိုင်းတယ်။ ဘိန်းစိုက်တောင်သူတွေဆီက အခွန်ကောက်တယ်။ ဒါဟာ တရားဥပဒေစိုးမိုးမှု မရှိတာပဲ” ဟု ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့၏ လားရှိုးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝမ်လိုင်ခမ်းက ပြောပါသည်။ 

မြန်မာစစ်အစိုးရသည် ၂၀၀၉ ခုနှစ်က နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ဖွဲ့စည်းရေးဟူသည့် မူဝါဒတစ်ရပ်ကို ဖော်ထုတ်ခဲ့သည်။ BGF မူဝါဒ၏ အဓိက ဦးတည်ချက်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီလိုက်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို နိုင်ငံရေးအရ ဘက်လိုက်မှု မရှိသော အနေအထားဖြစ်အောင် ပြောင်းလဲရေးဖြစ်သည်။ မြန်မာတပ်မတော်၏ ကွပ်ကဲမှုအောက်တွင် စီးပွားရေး လုပ်ငန်းများကို အသားပေး လုပ်ကိုင်သည့် လက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့လည်း ဖြစ်လေသည်။ 

ဘိန်းဖြူအများစု စိုက်ပျိုးသည့် တိုင်းရင်းသား လူမျိုးစုများ နေထိုင်ရာ ဒေသများတွင် ယင်းသို့သော ပြည်သူ့စစ်အဖွဲ့များ ယခုကဲ့သို့ အားကောင်းကာ အသာစီး ရလာချိန်တွင် BGF မူဝါဒသည် KIA (ကချင်လွတ်လပ်ရေးတပ်ဖွဲ့) လက်နက်ကိုင်အုပ်စုနှင့် တပ်မတော်အကြား ဖြစ်ပွားနေသည့် စစ်မက်ပဋိပက္ခအတွက် အဓိက တရားခံသဖွယ် ဖြစ်လာပါသည်။ KIA အုပ်စုသည် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) အဖြစ် ပြောင်းလဲဖွဲ့စည်းရန် ငြင်းဆိုထားသည့် လက်နက်ကိုင် အုပ်စုလည်း ဖြစ်သည်။ 

ယင်းစစ်မက်ပဋိပက္ခသည် ပြီးခဲ့သည့် နိုဝင်ဘာလ KIA တို့က တရုတ်နယ်စပ်ဒေသမှ အခြားလက်နက်ကိုင် အုပ်စုများနှင့် မဟာမိတ် ဖွဲ့လိုက်သည့် အချိန်မှ စတင်ကာ ပိုမိုအရှိန်ပြင်းထန်လာခဲ့လေသည်။ လက်ရှိအချိန်အထိ အဆိုပါ စစ်မက်ပဋိပက္ခအတွက် နိုင်ငံရေး အဖြေတစ်ခုမျှ တိတိပပ ထုတ်ဖော်နိုင်ခြင်း မရှိသေးရာ ယမ်းငွေ့များ တလူလူ ဖြစ်နေသော မြန်မာပြည်အရှေ့မြောက်ပိုင်း ဒေသသည်လည်း အပြောင်းအလဲဖြစ်မည် မဟုတ်သေးပေ။ ထို့အတူ ရှမ်းတောင်တန်းကြီးများပေါ်တွင်လည်း ဘိန်းပင်နှင့် ဘိန်းပန်းများ ဆက်လက်ပွင့်ဖူး ဝေဆာနေဦးမည်သာ ဖြစ်လေသည်။

F-01