News

POST TYPE

NEWS

သထုံမြို့ နှစ်သစ်ကူး ညတွင် အမျိုးသား တစ်ဦးကို ခဲစေ့သေနတ်ဖြင့် ပစ်ခတ်
တောင်ငူ၊ ဇန်နဝါရီ ၁

မွန်ပြည်နယ်၊ သထုံမြို့ရွှေစာရံ အဝိုင်းအနီးတွင် ဒီဇင်ဘာလ ၃၁ ရက် ည ၁၂ နာရီက အသက် ၂၃ နှစ်အရွယ် လူငယ် တစ်ဦးကို ဂတ်စ် အသုံးပြုကာ ပစ်ခတ်ရသော ခဲသေနတ်ဖြင့် ပစ်ခတ်ခဲ့ရကြောင်း သထုံမြို့မ ရဲစခန်းမှ စုံစမ်း သိရှိရသည်။  

“ပစ်ခတ်သွားတဲ့ လူငယ်ကို သိထားပါတယ်၊ ဖမ်းဆီးစစ်ဆေးဖို့ လုပ်ဆောင်နေတုန်းပါ။ အပစ်ခံရတဲ့ အမျိုးသားက စိုးရိမ်စရာ မရှိပေမယ့် သထုံဆေးရုံမှာ တက်ရောက် ကုသနေပါတယ်”ဟု သထုံမြို့မ ရဲစခန်းမှူး ဒုရဲမှူး သန်းဇော်က ပြောကြားသည်။

နှစ်သစ်ကူးည သန်းခေါင်ယံတွင် သထုံမြို့လယ် ရွှေစာရံအဝိုင်းအနီးတွင် လူငယ်အချို့ ပျော်ပါးကခုန်နေစဉ် ကား တစ်စင်း ဝင်ရောက်လာကြောင်း၊ ယင်းနောက်  အသက် ၂၃ နှစ်အရွယ် ဦးထွန်းထွန်းဝင်းနှင့် မော်တော်ယာဉ် ပွတ်မိရာမှ စကားများ ရန်ဖြစ်စဉ် ယာဉ်ပေါ်မှ အမျိုးသားက ခဲသေနတ်ဖြင့် အနီးကပ် ပစ်ခတ်ကာ ထွက်ပြေးသွားကြောင်း သထုံမြို့မ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

ပစ်ခတ် ထွက်ပြေးသော Noah အမျိုးအစား ယာဉ်မောင်းကို ရဲတပ်ဖွဲ့က စုံစမ်း သိရှိရသည့်အတွက် မိဘများနှင့် ညှိနှိုင်းကာ ဖမ်းဆီးရန် လုပ်ဆောင်နေကြောင်း၊ သေနတ်ဖြင့် ပစ်ခံရသော ကိုထွန်းထွန်းဝင်း၏ ညဘက် ရင်အုံတွင် နှစ်ချက်၊ ဘယ်ဘက် နံဘေးတွင် တစ်ချက်၊ ဘယ်ဘက် တင်ပါးဆုံနေရာ တစ်ချက် ရရှိခဲ့သဖြင့် သထုံခရိုင် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကာ ဆေးကုသနေကြောင်း၊ ခဲသေနတ်ဖြင့် ပစ်ခံမှုကို ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃၃၇ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-15