News

POST TYPE

NEWS

ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ တွေ့ဆုံသည့် ငြိမ်းချမ်းရေးစကားဝိုင်း ယနေ့ ပြုလုပ်မည်
ရန်ကုန်၊ ဒီဇင်ဘာ ၃၁

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်သည် လူငယ်များနှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေး စကားဝိုင်းတစ်ရပ်ကို ယနေ့ နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ သိရသည်။

အဆိုပါ ငြိမ်းချမ်းရေး စကားဝိုင်း (Peace Talk) ကို ဇန်န၀ါရီ ၁ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC-2) တွင် ပထမဆုံးအကြိမ် ပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ဒီဇင်ဘာ ၃၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စကားဝိုင်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နှစ်သစ်တွင် လူငယ်များနှင့် တွေ့ဆုံသည့် စကားဝိုင်းပုံစံမျိုး ဖြစ်ပြီး ငြိမ်းချမ်းရေးအပြင် အခြားသော အကြောင်းအရာများကိုလည်း အပြန်အလှန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

အဆိုပါ  စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်ရန် လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက  ရေးဆွဲနေသည့် လူငယ်ရေးရာ မူဝါဒ ဖြစ်မြောက်ရေး  ဗဟိုကော်မတီဝင်၊  မူကြမ်းကော်မတီဝင်များနှင့် လုပ်ငန်းကော်မတီဝင် လူငယ်ကိုယ်စားလှယ်များကို တက်ရောက်ရန် ဖိတ်ကြားထားကြောင်း ၎င်းက ဆိုသည်။

“ဒီလူငယ်တွေက ပြည်နယ်နဲ့ တိုင်းဒေသကြီး ကိုယ်စားပြု ကိုယ်စားလှယ်တွေ ဖြစ်တယ်။ အစိုးရက ရွေးထားတဲ့ ကိုယ်စားလှယ်တွေ မဟုတ်ဘဲ သူတို့ဘာသာ သူတို့ ရွေးထားတဲ့ ကိုယ်စားလှယ်တွေ ဖြစ်တယ်။ ဒါကြောင့် သူတို့တွေကို ဖိတ်ထားတယ်” ဟု ဦးဇော်ဌေးက ရှင်းပြသည်။

ယခုကျင်းပမည့် စကားဝိုင်း ဆွေးနွေးပွဲသည် နိုင်ငံတော်၏  အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူငယ်များကြား အပြန်အလှန် ဆွေးနွေးမေးမြန်းကြမည် ဖြစ်သောကြောင့် လူငယ်အများအပြား ပါဝင်ရန် အဆင်မပြေသည့်အတွက် လူငယ် ၁၈ ဦးကိုသာ ပါဝင်ဆွေးနွေးစေမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒါက စကားဝိုင်း ဆွေးနွေးပွဲ ဖြစ်တာကြောင့် အမေးအဖြေ ပုံစံတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း လူငယ်တွေကို မေးမြန်းမှာဖြစ်တဲ့အတွက် အများကြီးခေါ်လို့ မဖြစ်ဘူး။ နောက်တစ်ချက်က ဒီ Talk က ဒီမှာတင် ပြီးမှာ မဟုတ်ဘူး နောက်ပိုင်းမှာလည်း ပွဲတွေလုပ်ဦးမှာ ဖြစ်တယ်။ ဒါကြောင့် လတ်တလော နည်းနည်းပဲ တက်ရောက်နိုင်တာ ဖြစ်တယ်” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ စကားဝိုင်းသို့ တက်ရောက်ရန် လူငယ်ရေးရာ မူဝါဒရေးဆွဲရေး ကော်မတီ အသီးသီးတွင်  ပါဝင်သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ လူငယ်ကိုယ်စားလှယ်များကို ဖိတ်ကြားထားပြီး  ၎င်းတို့အထဲမှ စကားဝိုင်းတွင် ဆွေးနွေးမည့် ကိုယ်စားလှယ်များကို ပြန်လည်ရွေးချယ်သွားမည် ဖြစ်ကြောင်း လူငယ်မူဝါဒ ဖြစ်မြောက်ရေး ဗဟိုကော်မတီဝင် မနန်းထက်ထက်လင်းစိုးက ပြောသည်။

“လူမှုဝန်ထမ်းကနေပြီး ကျွန်မတို့ကို ပွဲတက်ရောက်ဖို့ ဖိတ်ကြားတယ်။ ဘာအကြောင်း ဆွေးနွေးမယ် မသိရဘူး။ နောက်ပိုင်းမှာမှ Peace Talk နဲ့ ပတ်သက်တာ ဆိုတော့ လူငယ်တွေအနေနဲ့က ငြိမ်းချမ်း ရေးနဲ့ ပတ်သက်တဲ့ သူတို့ဒေသမှာရှိတဲ့ အခက်အခဲတွေကို ပြောပြသွားမှာပါ။ ဒါပေမဲ့ မတက်ရောက်နိုင်တဲ့ ကချင်ပြည်နယ်လိုဒေသတွေက လူငယ်တွေအတွက်ကတော့ နေပြည်တော်မှာ ထပ်ပြီးဆွေးနွေးသွားဖို့ ရှိပါတယ်” ၎င်းက ရှင်းပြသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်  လူငယ်များ ယခုကဲ့သို့ တွေ့ဆုံခြင်းဖြင့် လူငယ်များ၏ အတွေးအခေါ်  ယူဆချက်များကို ကြားသိရမည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက  မှတ်ချက်ပြုသည်။

အဆိုပါ စကားဝိုင်း ဆွေးနွေးပွဲကို  Myanmar State Counsellor Office Page နှင့် နိုင်ငံပိုင် ရုပ်မြင်သံကြားလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်ပေးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။              

J-09