News

POST TYPE

NEWS

နှစ်သစ်မနက်ဖြန်များတွင် ပေးရမည့် အဖြေများ
ထုံးစံအတိုင်း ပြက္ခဒိန်တစ်ရွက် လဲပြန်တော့မည်။ ၂၀၁၅ ရွေးကောက်ပွဲအလွန် ၂၀၁၆ တွင် မြန်မာ့သမိုင်းတွင် မော်ကွန်းထိုးလောက်သည့် အဖြစ်အပျက်များ ရှိခဲ့သည်။ ဆယ်စုနှစ်ပေါင်းများစွာ  ဒီမိုကရေစီအရေး လှုပ်ရှားလာခဲ့သော ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ပါတီအာဏာရလာခြင်းနှင့်အတူ မြန်မာတစ်နိုင်ငံလုံးနီးပါး၏ မျှော်လင့်ချက်သည်လည်း အမြင့်ဆုံး ရောက်လာသည်။ 

အစိုးရသစ် အာဏာရလာပြီးနောက် ကိုးလအကြာ ခရစ်နှစ်သစ်ကူးပွဲ ရောက်လာသည်။ 

ပြဿနာဟောင်းများကို ရှင်းရင်းပင် ၂၀၁၇ သို့ ချဉ်းနင်းဝင်ရောက်တော့မည် ဖြစ်သည်။ သောင်းခြောက်ထောင်သော ပြဿနာများအနက် ၂၀၁၇ တွင် ထိပ်တန်းအဖြေပေးရမည့် ပြဿနာကြီး ငါးရပ်ကို ထုတ်နုတ်ကြည့်သည်။ 

ငြိမ်းချမ်းရေးအဖြေ 

အစိုးရက နှစ်သစ်ကို ငြိမ်းချမ်းရေး တံခါးဖွင့်၍ ကြိုရန် ပြင်နေသည်။

နေပြည်တော်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ကို ဇန်နဝါရီလ ၁ ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်သည်။ NRPC ကို ၂၀၁၆ ခုနှစ် နှစ်လယ်ခန့်ကစ၍ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယခုဗဟိုရုံးကို နှစ်သစ်၏ အစတွင် မင်္ဂလာယူ၍ ဖွင့်လှစ်တော့မည် ဖြစ်သည်။

မနက်ဖြန် ရောက်လာတော့မည့် နှစ်သစ်၌ အစိုးရက ငြိမ်းချမ်းရေးကို မည်မျှ အားခဲထားကြောင်း NRPC ဖွင့်ပွဲဖြင့် ပုံဖော်နိုင်ပေမည်။ တစ်ဖက်တွင်လည်း စိန်ခေါ်သံများက အသင့်။ ဇန်နဝါရီလတွင် ကျင်းပရမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ၊ ဖေဖော်ဝါရီတွင် ပြန်လည်ကျင်းပရမည့် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ်။

ပို၍ အရေးကြီးသည်က ကချင်မြေနှင့် ရှမ်းမြောက်မှ စစ်သံများ ဖြစ်သည်။

မူဆယ်နှင့် မုံးကိုးကို အလစ်အငိုက် ဝင်တိုက်ခဲ့သော မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုကို တပ်မတော်က အတိုင်းအတာတစ်ရပ်ထိ ပြန်လည်တိုက်ခိုက် ထိန်းချုပ်ထားသော်လည်း ထိုလေးဖွဲ့က  အင်အားချည့်နဲ့ ယုတ်လျော့သွားသည် မဟုတ်ပါ။ စစ်ရေးမသာသဖြင့် ခြေတစ်လှမ်း ပြန်ဆုတ်သည့် သဘောသာ ဖြစ်သည်။

မည်သည့်နေရာကို မည်သည့်အချိန်တွင် တိုက်ခိုက်လာမည်ကို မည်သူမျှ တပ်အပ်မပြောနိုင်သေး။

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ စစ်ရေးပဋိပက္ခများတွင် အရေးပါသည့် နေရာ၌ ရှိနေသော ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (KIA) နှင့် အစိုးရ၊ တပ်မတော်တို့၏ စေ့စပ်ညှိနှိုင်းမှု အခြေအနေက တိုက်ပွဲများကို အဖြေပေးမည် ဖြစ်သည်။

လတ်တလော၌ KIA ၏ အဓိက စခန်းကြီးအချို့ကို တပ်မတော်က ကြည်း/လေ ပူးတွဲထိုးစစ်ဆင်ကာ သိမ်းယူထားသည်။

အကျိုးဆက်က အစိုးရနှင့် KIA တို့ စားပွဲဝိုင်းတွင် မျက်နှာချင်းဆိုင်ရန် အလှမ်းဝေးသွားခြင်း ဖြစ်သည်။

NCA စာချုပ်တွင် လက်မှတ်မထိုးသည့် တိုင်းရင်းသားလက်နက်ကိုင် အများစု ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုတစ်ခု ဖြစ်သည့် UNFC ကိုလည်း KIA က ဦးဆောင်နေသည် ဖြစ်ရာ အစိုးရနှင့် KIA ၏ ဆက်ဆံရေးက မြန်မာ့ငြိမ်းချမ်းရေး အနာဂတ်အတွက်  အဖြေတစ်ဝက်ဟုပင် ဆိုရမလို။ 

ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတို့တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ၂၁ ရာစုပင်လုံက စောင့်နေသည်။

ယင်းအပြင် မတ်လအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ခေါင်းဆောင်ရွေးပွဲလည်း ရှိနေပြန်သည်။

ဇန်နဝါရီ၊ ဖေဖော်ဝါရီ နေ့ရက်များတွင် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ် ပိုမိုတိကျ ရှင်းလင်းသည့် အဖြေမထုတ်နိုင်ခဲ့လျှင် လက်ရှိ KNU ခေါင်းဆောင်အများစု ရာထူးတာဝန်က ဖယ်ပေးရမည့်ကိန်း ရှိသည်။ တပ်မတော်နှင့် ဆက်ဆံရေးကောင်း ရှိနေသည့် KNU ခေါင်းဆောင်များ အပြောင်းအလဲ ဖြစ်ခဲ့လျှင် နှစ်ခြောက်ဆယ်ကျော်ကြာ စစ်နွံတွင်းမှ ခေါင်းပြူလာသည်မှာ မကြာသေးသော ကရင့်မြေတွင် သေနတ်သံများ ပြန်မကြားရဟု မည်သူမျှ အာမခံနိုင်လိမ့်မည် မဟုတ်ပါ။  

KIA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အများအပြား ဖေဖော်ဝါရီလ ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ်တွင် ပါဝင်လာနိုင်ခြေမှာ ခပ်ပါးပါးပင် မရှိချင်တော့။ လက်နက်ကိုင်ရှစ်ဖွဲ့နှင့် ၂၁ ရာစု ပင်လုံကို ရှေ့ဆက်မည် ဆိုပြန်လျှင်လည်း ပြည်ထောင်စု၏ အနာများကို လုံအောင် ဖာထေးနိုင်မည် မဟုတ်ပေ။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရတို့ ငြိမ်းချမ်းရေး အနာဂတ်ကို ဆုံးဖြတ်ရတော့မည်။ ၂၀၁၇ ခုနှစ် အတွင်း၌ပင် ဖြစ်သည်။

KIA အပါအဝင် ကိုးကန့်၊ ပလောင်၊ ရခိုင် လက်နက်ကိုင်လေးဖွဲ့နှင့် ‘ဝ’ အဖွဲ့တို့ကို မည်သို့ အပါခေါ်မည်နည်း။

အထူးသဖြင့် KIA နှင့် ‘ဝ’ အဖွဲ့တို့ မပါဘဲ ငြိမ်းချမ်းရေး ရှေ့ဆက်ရန် ခက်လှသည်ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်၏ နံပါတ်တစ် အာဂျန်ဒါဖြစ်သော ငြိမ်းချမ်းရေး ရှေ့ဆက်လိုလျှင် ထိုနှစ်ဖွဲ့ကို ပါလာအောင် စည်းရုံးနိုင်ရမည် ဖြစ်သည်။ အနိမ့်ဆုံးအဆင့်အဖြစ် တပ်မတော်နှင့် KIA ကြား စစ်ရေးပဋိပက္ခများ ရပ်ဆိုင်းပြီး KIA အဖွဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌  ပါလာမည် ဆိုလျှင်ပင် ၂၀၁၇ ခုနှစ်အတွက် အစိုးရ အောင်မှတ်ရပေလိမ့်မည်။

နှစ်သစ်ကို ငြိမ်းချမ်းရေး တံခါးဖွင့်၍ ကြိုရန် ဒေါ်အောင်ဆန်းစုကြည်က ပြင်ဆင်နေသည်။

တစ်ဖက်တွင်လည်း အစိုးရ ဖြေရမည့် ငြိမ်းချမ်းရေး စာမေးပွဲများက ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ စသည်တို့တွင် ရက်ချိန်းများစွာဖြင့် အစီအရီ။

မဟောင်းသေးတဲ့ဇာတ်လမ်း မြစ်ဆုံ 

တရုတ်နိုင်ငံနှင့် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အရေးကြီးသော မြစ်ဆုံစီမံကိန်း မေးခွန်းသည် ၂၀၁၇ တွင် အဖြေပေးရမည့် ပုစ္ဆာတစ်ရပ် ဖြစ်သည်။ သမ္မတ ဦးသိန်းစိန် လက်ထက် သက်တမ်းငါးနှစ်အတွင်း ရပ်ဆိုင်းထားခဲ့သော မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်တွင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်နေပြီ ဖြစ်သည်။

NLD အစိုးရကလည်း ဧရာဝတီ-မြစ်ဆုံ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းထားသည်။ ထိုကော်မရှင်မှ သုံးလအကြာတွင် ဗွေဆော်ဦး အစီရင်ခံစာ ထုတ်ပြန်ထားသည်။ ထိုအစီရင်ခံစာတွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး သုံးသပ်ချက်၊ အကြံပြုချက်များကို ထည့်သွင်းရေးသားထားခြင်း မရှိသေးပါ။

“ကျွန်တော်တို့ ပထမ အစီရင်ခံစာမှာတော့ ဘာမှမပါသေးပါဘူး။ ဒီကိစ္စက မြန်မြန်ဆန်ဆန် လုပ်လို့ရတာလည်း မဟုတ်ဘူး။ ကျန်တာတွေ ဆက်လုပ်နေတယ်” ဟု အဆိုပါကော်မရှင်မှ ကော်မရှင်ဝင်တစ်ဦးက ဆိုသည်။ 

လက်ရှိအချိန်တွင် မြစ်ဆုံကော်မရှင်သည် မြန်မာပညာရှင် ၁၈ ဦးနှင့် နိုင်ငံခြားသား ပညာရှင်နှစ်ဦး ပါဝင်သည့် မြန်မာ့ပတ်ဝန်းကျင် (Myanmar Environment Institute) အဖွဲ့နှင့် ပူးပေါင်းပြီး လူမှုဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်သက်ရောက်မှုအပေါ် ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ဆန်းစစ်ခြင်း (Field Survey ESihf Rapid Assessment) ပြုလုပ်နေကြောင်း ကော်မရှင်ဝင်များထံမှ သိရသည်။

“ဒေါ်အောင်ဆန်းစုကြည် စာချုပ်ဖတ်ပြီးပြီလား မသိဘူး။ ကျွန်တော်တို့တော့ ဖတ်ရတယ်။ ဒါပေမဲ့ ရှေ့နေမဟုတ်တော့ အသေးစိတ်ကို ဘာရေးထားလဲ မသိဘူး”

တပ်မတော်အစိုးရနှင့် တရုတ်နိုင်ငံ Yunnan international Power Investment Co., Ltd. (CPIYN) တို့ ချုပ်ဆိုထားသည့် မြစ်ဆုံစီမံကိန်း စာချုပ်နှင့် ပတ်သက်ပြီး မြစ်ဆုံကော်မရှင်ဝင်တစ်ဦးက ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

ယင်းအပြင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) က ၂၀၁၁ ခုနှစ် စက်တင်ဘာလအတွင်း ထုတ်ပြန်ထားသည့်  မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ပတ်ဝန်းကျင် ထိခိုက်မှု လေ့လာဆန်းစစ်ခြင်း (EIA) အစီရင်ခံစာကိုလည်း  မြန်မာ့ပတ်ဝန်းကျင်အဖွဲ့က ပြန်လည်စိစစ်သွားမည် ဖြစ်ကြောင်း ကော်မရှင်၏ ပထမ အစီရင်ခံစာ ထုတ်ပြန်ချက်အရ သိရသည်။

သို့သော် အစီရင်ခံစာ အပြီးသတ် တင်ရမည့် ရက်သတ်မှတ်ချက် မရှိ။ 

“မြန်မာ့ဝန်းကျင်အဖွဲ့ (MEI) က လုပ်ငန်းပြီးစီးတဲ့အပေါ် မူတည်ပြီး အစီရင်ခံစာထွက်မယ်” ကော်မရှင်ဝင်တစ်ဦးက ဆက်လက်ပြောကြားသည်။

သို့သော် အစိုးရသစ်၏ သက်တမ်း ကာလတစ်ခုအကြာ ၂၀၁၇ ခုနှစ်အတွင်း မြစ်ဆုံစီမံကိန်း ရှေ့ခရီးအဖြေကို အဖြူအမည်း သဲသဲကွဲကွဲ သိလိုလာကြပြီ ဖြစ်သည်။ 

“နှစ်သစ်ကူးပြောင်းချိန်မှာ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းတာမျိုး ဖြစ်သင့်တယ်” ဟု မြစ်ဆုံစီမံကိန်း တည်ဆောက်မှု ကန့်ကွက်လှုပ်ရှားသူ ဒေါ်ဒေဝီသန့်စင် ပြောကြားသည်။

မြန်မာနိုင်ငံတစ်ဝန်းမှ ဒေသခံ ပြည်သူများက ဝိုင်းဝန်းကန့်ကွက်နေသော်လည်း စီမံကိန်း အကောင်အထည်ဖော်ရန် အတွက် တရုတ်နိုင်ငံဘက်က အမြဲတမ်း ကြိုးစားနေသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် Mr.Hong Liang သည် ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အောင်မြင်သာ ကျေးရွာမှ ဒေသခံများကို ၂၀၁၆ ခုနှစ် ဇွန်လပိုင်းက တွေ့ဆုံရာတွင် မြစ်ဆုံစီမံကိန်း ပြန်စရန် စကားခေါ် ကြိုးစားခဲ့သည်။ တရုတ်နိုင်ငံနှင့် Yunnan international Power Investment Co., Ltd. (CPIYN) ကုမ္ပဏီဘက်မှ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းအတွက် ကြိုးစားမှုများ  ပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံအပ်ါမှာ ရှိနေသည့် အခြားသော မဟာဗျူဟာမြောက် အကျိုးစီးပွားများနှင့် ယှဉ်လာပါက မြစ်ဆုံကိစ္စက သေးငယ်နေပြီး စီမံကိန်းကြောင့် တရုတ်နှင့် မြန်မာ ဆက်ဆံရေးလည်း ထိခိုက်နိုင်မည်ဟု မထင်ကြောင်း သယံဇာတ စီမံခန့်ခွဲမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပါရဂူဘွဲ့အတွက်  သြစတြေးလျ အမျိုးသားတက္ကသိုလ်တွင် ပညာသင်ကြားနေသူ ကိုမြင့်ဇော်က ဆိုသည်။ 

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး အဖြေမှာ ကော်မရှင်၏ အစီရင်ခံစာပေါ် မူတည်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ သူ၏ ၂၀၁၆ ခုနှစ် သြဂုတ် တရုတ်နိုင်ငံ ခရီးစဉ်အတွင်း မီဒီယာများသို့ ဖြေကြားခဲ့သည်။ 

သို့သော် ကော်မရှင်အဖွဲ့ဝင် တစ်ဦးကမူ ယခုအတိုင်း ဖြေဆိုသည်။ 
“စီမံကိန်းနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်က နိုင်ငံတော်အဆင့်မှာ ရှိတာမို့လို့ ကျွန်တော်တို့ ဘာမှလုပ်လို့ မရဘူး”
 
စီးပွားရေး ပုစ္ဆာ

အစိုးရသစ် တက်လျှင်တက်ချင်း နာတာရှည် မြန်မာ့စီးပွားရေး ပြဿနာ ကုစားနိုင်မည်ဟု မမျှော်လင့်ကြသော်လည်း သာ၍မဆိုးရန် ဆုတောင်းများဖြင့် ၂၀၁၆ ကို ကန့်လန့်ကာ ပိတ်တော့မည် ဖြစ်သည်။

နိုင်ငံတစ်ခု၏ စီးပွားရေးကဏ္ဍ ဦးမော့လာရန် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ငွေရေးကြေးရေး ဝန်ဆောင်မှုနှင့်  လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍလေးခု အပေါ်တွင် မူတည်ကြောင်း ပညာရှင်များက ဆိုလေ့ရှိသည်။ ၂၀၁၆  ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသစ် တက်လာချိန်တွင် မြန်မာ့စီးပွားရေး တိုးတက်မှုကို မှတ်ကျောက်တင်နိုင်သော အထက်ပါ ကဏ္ဍကြီး လေးရပ်မှာ ထင်ထင်ရှားရှား ပြောင်းလဲတိုးတက်မလာသေးပေ။

အုပ်ချုပ်မှုသက်တမ်း တစ်နှစ်နီးပါး ကာလသို့ ချဉ်းကပ်လာချိန်တွင် စီးပွားရေး ဖွံ့ဖြိုးမှုမှာ ပုံမှန်လည်ပတ်မှုနှုန်းသို့ ရောက်ရှိရန်ပင် ရုန်းကန်နေရသည်။ စီးပွားရေးလုပ်ငန်းရှင် အချို့ကမူ လတ်တလော မြန်မာ့စီးပွားရေးမှာ အနုတ်လက္ခဏာ ဆောင်နေသည်ဟုပင် ကောက်ချက်ချထားသည်။ 

၂၀၁၆ ခုနှစ် ကုန်ဆုံးချိန်တွင် နာတာရှည် ဖြစ်နေသော ကုန်သွယ်ရေးလိုငွေ ပြမှုမှာလည်း အမေရိကန်ဒေါ်လာ သုံးဘီလီယံခန့် ရှိနေဆဲဖြစ်ပြီး ပို့ကုန်မြှင့်တင်ရေး ရည်မှန်းချက်မှာ အဖြေရှာနေရဆဲ ပြဿနာတစ်ရပ်အဖြစ် ရှိသည်။

ပြည်ပတင်ပို့သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှု တန်ဖိုး လျော့ကျနေခြင်းနှင့် လယ်ယာထွက်ကုန် တင်ပို့မှု ကျဆင်းခြင်းတို့ကြောင့် ပြည်ပပို့ကုန် တင်ပို့မှု မြင့်မားလာရန် စိန်ခေါ်မှု ကြီးကြီးမားမား ရှိနေဆဲဖြစ်သည်။ နယ်စပ်ဒေသ ကုန်သွယ်ရေးဇုန်များ နယ်မြေမတည်ငြိမ်သဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်ရန် အတားအဆီး များစွာနှင့် ရင်ဆိုင်နေရသည်။ ယင်းအချက်များကြောင့် ကုန်သွယ်ရေးကဏ္ဍမှာ အားရဖွယ် မရှိကြောင်း ကုန်သည်များက ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုကဏ္ဍကို ကြည့်လျှင် လည်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျဆင်းနေသည်။ အစိုးရသစ် လက်ထက်တွင် မြန်မာနိုင်ငံသား အများဆုံး ပါဝင်ပတ်သက်နေသော လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု လုံးဝမရှိ (သုည ရာခိုင်နှုန်း) ဖြစ်နေသည်။  တယ်လီကွန်း (ဆက်သွယ်ရေး)၊ စက်မှုလုပ်ငန်း၊ လျှပ်စစ်စွမ်းအင်၊ ဟိုတယ်နှင့် အိမ်၊ ခြံ၊ မြေ လုပ်ငန်းကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာသော်လည်း ပြီးခဲ့သည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်လျှင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျဆင်းနေသည်။

NLD အစိုးရလက်ထက် ၂၀၁၆- ၁၇ ဘဏ္ဍာနှစ် ဒီဇင်ဘာလလယ်ပိုင်းအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမ ပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၄၆ ဘီလီယံ စီးဝင်ခဲ့သည်။ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၅၁၈ သန်းကျော် အပါအဝင် ကျပ်ဘီလီယံ ၇၆၀ ကျော်ခန့် မြှုပ်နှံသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းသည် ၃ ဒသမ ၆၅ ဘီလီယံ ရှိသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်က စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၄ ဒသမ ၉၆ ဘီလီယံ စီးဝင်ခဲ့သဖြင့် အစိုးရသစ် လက်ထက်တွင် ၁ ဘီလီယံကျော် ကျဆင်းသွားသည်။

၂၀၁၆ ခုနှစ် စီးပွားရေး ရာသီဥတုမှာ မဆိုးရွားသော်လည်း မကောင်းမွန်ခဲ့။ ယင်းစိန်ခေါ်မှုများသည် လာမည့်အနာဂတ် မည်သည့်အချိန်အထိ ကြီးစိုးနေမည်နည်း။ ရက်ပိုင်းအတွင်း ၂၀၁၇ ခုနှစ် နှစ်ဦး စတင်တော့မည် ဖြစ်သည်။ 

ရင်းနှီးမြှုပ်နှံမှု ကဏ္ဍမှာမူ နှစ်သစ်တွင် အလားအလာကောင်းများ ရှိနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အထွေထွေအတွင်းရေးမှူး ဦးအောင်နိုင်ဦးက ဆိုသည်။

လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းနေခြင်းမှာ အစိုးရသစ်အဖွဲ့၏ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို စောင့်ကြည့်နေခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ၂၀၁၇ နှစ်ဆန်းမှ စတင်ပြီး  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ဖြင့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများ လက်ခံမည် ဖြစ်သဖြင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။  

ယခုဘဏ္ဍာနှစ်ကုန်တွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကန်ဒေါ်လာ ၆ ဘီလီယံ ရရှိရန် ရည်မှန်းထားကြောင်း ၎င်းက ဆိုသည်။ ဥပဒေသစ်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်ဖွံ့ဖြိုးမှု ဇုန်အလိုက် ဝင်ငွေခွန် ကင်းလွတ်ခွင့် အခွင့်အရေး ပိုပေးထားရာ ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာနိုင်သည်ဟု ၎င်းက အခိုင်အမာ ယုံကြည်လျက် ရှိသည်။ ၎င်းရည်မှန်းထားသည့်အတိုင်း ဖြစ်ပေါ်လာပါက စီးပွားရေးကဏ္ဍအတွက် အရေးပါသော ရင်းနှီးမြှုပ်နှံမှုမှာ ဦးမော့နိုင်သည်။

ပြည်သူများ အလုပ်အကိုင်ရရှိရေး၊ ဝင်ငွေလည်ပတ်စီးဆင်းမှု ပိုကောင်းလာရေး နိုင်ငံခြားအရင်း၊ ပြည်တွင်းအရင်းများကို မျှော်ရမည့် ၂၀၁၇ လည်း ဖြစ်သည်။ 

စီးပွားရေးနှင့် ဆက်စပ်၍ အခြားမေးခွန်းတစ်ခုမှာ နိုင်ငံစီးပွားရေး၏ အင်ဂျင်များဟု တင်စားလေ့ ရှိသော အထူးစီးပွားရေးဇုန်များ ဖြစ်သည်။ 

လက်ရှိတွင် သီလဝါ အထူးစီးပွားရေး ဇုန်တစ်ခုထဲသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ကုန်ထုတ်လုပ်ငန်း အချို့ စတင်နေပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှာ  တိတ်ဆိတ်နေဆဲ ဖြစ်သည်။ အစိုးရသစ် လက်ထက်တွင် ဇုန်အလိုက်စီမံခန့်ခွဲမှု ကော်မတီအသစ်များ ဖွဲ့စည်းခဲ့ပြီး ဖြစ်သော်လည်း အမှန်တကယ် လုပ်ငန်းစတင်မည့် အခြေအနေ မပေါ်ပေါက်သေးပေ။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စတင်ရန် ရန်ကုန်မြို့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရုံးတွင် စီမံခန့်ခွဲမှု ကော်မတီရုံးခွဲ ဖွင့်လှစ်၍ မြန်မာနိုင်ငံဘက်မှ ပူးပေါင်းပါဝင်မည့် တိုင်းရင်းသားပိုင်နှင့် အများပိုင်ကုမ္ပဏီများ စိတ်ဝင်စားမှု ဖော်ပြလွှာ (EOI) ခေါ်ယူထားဆဲ အဆင့်သာ ရှိသေးသည်။ 

မြန်မာနိုင်ငံတောင်ပိုင်းတွင် အကောင်အထည်ဖော်မည့် ထားဝယ်အထူးစီးပွားရေးဇုန်မှာမူ မည်ကဲ့သို့ ရှေ့ဆက်စခန်းသွားမည်ကို ရှင်းရှင်းလင်းလင်း မသိသေး။ 

“အဓိကက ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လိုတာပါ။ ပေါ်လစီတွေ ပီပီပြင်ပြင် ချမှတ်ဖို့လည်း လိုတယ်။ SEZ တွေက တော်တော်လေး အာရုံစိုက်ပြီး လုပ်ရကိုင်ရတယ်။ ဒါတွေအကောင်အထည်ဖော်ရင် နိုင်ငံရေး၊ စီးပွားရေးကအစ အကုန်လုံး ပတ်သက်လာတယ်”  
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ဆိုသည်။ 
“ဒါကြောင့်  အချိန်ကြာတာထက် အမှားနည်းအောင် ပေါ်လစီတွေချဖို့ အရေးကြီးပါတယ်”

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး

အသက် ၇၁ အရွယ် အမယ်အို အနေနှင့် ၂၀၁၇ ခုနှစ်ဆီသို့ အားကောင်းမောင်းသန် အရှိန်အဟုန်မပျက် ဆက်လက်ချီတက်ရန် တိုင်းပြည်က လိုအပ်နေသေးသလို ပြည်သူကလည်း မျှော်လင့်ဆဲပင် ဖြစ်သည်။

ဒီမိုကရေစီ ခရီးကြမ်းကာလ နှစ်ပေါင်းသုံးဆယ်တွင် တစ်လျှောက်လုံး သတိကြီးစွာဖြင့် လုံခြုံရေး ယူပေးခဲ့သူများ ရှိလင့်ကစား မကြာခဏ ဆိုသလိုပင် ခြိမ်းခြောက်မှုများ၊ စိုးရိမ်ဖွယ်ရာများကလည်း မြင်တွေ့နေရသည်။

အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ကိုးစားချစ်ခင်ကြသည့်နည်းတူ သမီးဖြစ်သူ အပေါ်တွင်လည်း ထိုမျှလောက် တန်ဖိုးထားသည့် ပြည်သူများ အနေနှင့် ဖခင် ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့သော အဖြစ်ကို မကြုံကြစေလိုပါ။ 

ယင်းအပြင် သူမသည် လက်ရှိတွင် အစိုးရ၏ ထိပ်တန်းခေါင်းဆောင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည့်အပြင် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်လည်း ဖြစ်သည်။ တိုင်းပြည်၏ ကံကြမ္မာသည် ပြည်သူများ၏ လက်ထဲတွင် ရှိသည် ဆိုသော်လည်း ပြည်သူတို့ကလည်း သူမအပေါ်သာ မှီခိုနေလေသည်။

ဒီဇင်ဘာ ၂၄ ရက်ကမူ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အနေအထားအပေါ် ကျေနပ်ဖွယ်ဖြစ်သည့် မြင်ကွင်းမျိုးကို ပြည်သူတို့ တွေ့လိုက်ရသည်။

ရန်ကုန်တက္ကသိုလ်သို့ သွားရောက်ရာတွင် တွေ့နေကျ သာမန်လုံခြုံရေးပုံစံ မဟုတ်ဘဲ လက်နက်ကိုင် အထူးလုံခြုံရေးတပ်ဖွဲ့ (S.W.A.T) များက ဝတ်စုံပြည့်ဖြင့် ဝန်းရံပေးထားခြင်း ဖြစ်သည်။ 

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့်အတူ အစိုးရ ဖြစ်မလာမီ ၁၉၈၈ ခုနှစ် အရေးခင်းကာလ ကတည်းက ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို ၎င်းကို ချစ်မြတ်နိုးသည့် ကျောင်းသားလူငယ်များက တာဝန်ယူခဲ့ခြင်း ဖြစ်ပြီး စနစ်တကျ သင်တန်းပေးထားသူများ မဟုတ်သည့်အပြင် မည်သည့်လက်နက်ကိရိယာကိုမှ ကိုင်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ စိတ်ဓာတ်နှင့် ခန္ဓာကိုယ်များဖြင့်သာ ကာကွယ်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အနေနှင့်  တပ်မတော်အစိုးရ လက်ထက်အတွင်း အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုများ ကြုံခဲ့ရသလို ကိုယ်ထိလက်ရောက် ရန်ပြုတိုက်ခိုက်ခြင်းလည်း မကြာခဏ ခံခဲ့ရသည်။

ဒီပဲယင်းမြို့နယ် ကျည်ရွာ၌ ၂၀၀၃  ခုနှစ်က ထောင်နှင့်ချီသည့် လူအုပ်စုကြီးက ညအမှောင်တွင် စောင့်ကြိုနေကာ ယာဉ်တန်းကို ပိတ်ဆို့ပြီး အကြမ်းဖက်ရိုက်နှက်ခဲ့မှုသည် အထင်ရှားဆုံး ဖြစ်သည်။

၁၉၉၆ နှင့် ၁၉၉၈ ခုနှစ်များကလည်း  အနီးကပ် လုပ်ကြံရန်ပြုခြင်းကို ဒေါ်အောင်ဆန်းစုကြည် ကြုံခဲ့ရဖူးသည်။ ဒုတိယအကြိမ်တွင် ထာဝရ လူယုံကြီး သူရဦးတင်ဦးက အကာကွယ် ပြုခဲ့ခြင်းကြောင့်သာ အန္တရာယ်ကင်းခဲ့ခြင်း ဖြစ်သည်။ ယခုပါတီ၏ ထိပ်တန်းလည်းဖြစ် အာဏာလည်း ပြင်းသည့် ဦးဝင်းထိန်သည်လည်း တစ်ချိန်က ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို တာဝန်ယူခဲ့သူ ဖြစ်သည်။

ပြီးခဲ့သည့်ရက်များအတွင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် လုံခြုံရေးအရ စိုးရိမ်ဖွယ်ရာများ ရှိနေခဲ့သည်။

အထူးသဖြင့် အစွန်းရောက်မျိုးချစ်များ၊ အာဏာရှင် အငွေ့အသက် စွဲကျန်နေသူများနှင့် ဘာသာရေး အစွန်းရောက်သူများက အမြဲတစေလို ဒေါ်အောင်ဆန်းစုကြည်ကို ပေါ်ပေါ်တင်တင်တစ်မျိုး တိုးတိုးတစ်ဖုံ ဝေဖန်တိုက်ခိုက်ခဲ့ကြသည်။ 

ဘင်္ဂါလီ အရေးတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာဆိုသည့် စကားလုံးကို ငြင်းပယ်ထားသူဖြစ်ရာ လတ်တလော ဖြစ်ပွားနေသည့် ရခိုင်အရေး ပြဿနာကလည်း သူ၏ လုံခြုံရေးကို သတိပြုစရာ ဖြစ်သည်။ 

အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ (IS) က ပစ်မှတ်ထား တိုက်ခိုက်မည့်သူ စာရင်းတွင် အခြားအာရှခေါင်းဆောင်များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ကြောင်း ပြီးခဲ့သည့် သြဂုတ်လအတွင်းက ထွက်ပေါ်ခဲ့သေးသည်။ ရန်ကုန်တက္ကသိုလ်တွင် အထူးလုံခြုံရေး ယူခဲ့ရခြင်းမှာ လူအုပ်ထဲတွင် မသင်္ကာစရာလူအချို့ကို တွေ့မြင်လိုက်ခြင်းကြောင့် ဖြစ်ကြောင်း ယင်းနေရာသို့ ကိုယ်တိုင်ရောက်ရှိခဲ့သည့် သတင်းထောက်တစ်ဦးက ပြောဆိုသည်။

မကြာသေးခင်ကလည်း ရန်ကုန်မြို့တော်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများသည် အစိုးရရုံးများတွင် ဖြစ်ရာ အစိုးရကို တိုက်ခိုက်သည့် ပုံစံမျိုး ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည် အနေနှင့် လူထုခေါင်းဆောင်ဖြစ်ရာ လူထုကြားသို့ မကြာခဏ ဆင်းနေရသူ ဖြစ်သည်။ ယင်းကပင် သူ၏ လုံခြုံရေးအတွက် ပို၍ပင် အထူးဂရုပြုရသည့် အနေအထား ဖြစ်သည်။

နိုင်ငံတကာခေါင်းဆောင်များ လုပ်ကြံခံရမှု အများစုသည် လူထုကြားထဲ ဆင်းနေချိန်တွင် ဖြစ်ပွားခြင်း ဖြစ်သည်။ အမျိုးစုံ လူအုပ်စုကြီးအတွင်း မည်သူသည် အန္တရာယ်ကောင် ဖြစ်သနည်း ဆိုသည်က ခွဲခြားရန် မလွယ်ပေ။

သို့သော် ဒီမိုကရေစီခေါင်းဆောင်ပီပီ ဒေါ်အောင်ဆန်းစုကြည်ကမူ လူထုထဲ တိုးဝင်ရန် ရွံ့မနေကြောင်း သူ၏ ပြည်တွင်းပြည်ပ ခရီးစဉ်များတွင် တွေ့မြင်နိုင်သည်။ “အသက်အန္တရာယ် ရှိပေမယ့် လူထုထဲမဆင်းဘဲ မနေနိုင်ဘူး” ဟူ၍ပင် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ဖောက်ကိုင်ဖက် ဖြစ်သည့်  ကွယ်လွန်သူ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က သတင်းမီဒီယာတစ်ခုသို့  ပြောဆိုခဲ့ဖူးသည်။

ယင်းအတွက် လာမည့် ၂၀၁၇ ခုနှစ် သည်လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ လုံခြုံရေး ပြဿနာကလည်း ရှေ့တန်းရောက်နေဦးမည်။ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများ တစ်ရံမလပ် ဖြေနေရမည့် စာမေးပွဲလည်း ဖြစ်သည်။ 

အဖြေရှာဆဲ ရခိုင်ပြည်နယ် ပဋိပက္ခ

ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းရန် နည်းလမ်းရှာနေသည်။ နှစ်သစ်တွင် ဖြေရှင်းနည်းကို အစိုးရ တွေ့နိုင်ပါမည်လော။ 

ရခိုင်ပြည်နယ်ရှိ လူ့အသိုင်းအဝိုင်း နှစ်ခုကြားက ပဋိပက္ခမှာ ထိလွယ်ရှလွယ် ရှိနေဆဲ ဖြစ်သည်။ ယင်းပဋိပက္ခမီးကို မငြှိမ်းနိုင်သည့် အကျိုးဆက်အဖြစ် မွတ်ဆလင် ဂျီဟတ်ဝါဒ အကြမ်းဖက်များပါ အပူပေါ် အပူဆင့်လာသည်။  

ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်များတွင်လည်း ရခိုင်အရေးမှာ အသံကျယ်သထက် ကျယ်လာတော့မည် ဖြစ်သည်။ ပဋိပက္ခမီးကို ငြှိမ်းနိုင်ရေး နည်းလမ်းရှာရန် အစိုးရတွင် အဖွဲ့သုံးခု ဖွဲ့ထားသည်။ 

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ပြီး ပြည်ထောင်စုဝန်ကြီး အားလုံးပါဝင်သည့် ဗဟိုကော်မတီ။ နောက်တစ်ခုက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ကိုဖီအာနန်  ဦးဆောင်သည့် ကော်မရှင်။ မောင်တောအကြမ်းဖက်မှုအတွက် ဒုတိယသမ္မတ  ဦးမြင့်ဆွေ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်။

သြဂုတ်လတွင် စတင်ဖွဲ့စည်းသည့် ကိုဖီအာနန်ကော်မရှင်မှာ ၁၂ လထက် နောက်မကျဘဲ အစီရင်ခံစာကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံမှ တစ်ဆင့် အစိုးရထံ တင်ပြရမည် ဖြစ်သည်။ 

ထိုကြောင့် ၂၀၁၇ နှစ်မကုန်မီ  အဖြေပေးရတော့မည်မှာ ရှင်းနေသည်။ 

နိုင်ငံတကာမှ ပုဂ္ဂိုလ်သုံးဦး ပါဝင်သဖြင့် ယင်းကော်မရှင်ကို ရခိုင်တိုင်းရင်းသား အများစုက လက်မခံ။ ပူးပေါင်းမှု အားနည်းနေသဖြင့် မှန်ကန်သည့် ဖြေရှင်းနည်း ရလာမည်လော မေးခွန်းများလည်း ရှိနေသည်။ ကိုဖီအာနန်ကမူ ဘက်မလိုက်ဘဲ မျှတပြည့်စုံသည့် အစီရင်ခံစာတစ်စောင် ဖြစ်အောင် လုပ်နေသည်ဟု ကတိပေးထားသည်။

နှစ်ဖက်လူ့အသိုင်းအဝိုင်းကြား ယုံကြည်မှု တည်ဆောက်ရန် ခက်ခဲနေသည့် အခြေအနေတွင် ဖြစ်ပွားသည့် မောင်တောအကြမ်းဖက်မှုမှာ နှစ်ဖက်အသိုင်းအဝိုင်း ဆက်ဆံရေးကို နှောင့်နှေးစေခဲ့ပြီး အချင်းချင်း ကြောက်ရွံ့မှု ပိုမိုတိုးလာစေကြောင်း ယင်းကော်မရှင် ဒါရိုက်တာ Andreas Indregard က ပြောကြားသည်။ ယုံကြည်မှု တည်ဆောက်ရေးမှာ အစိုးရအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေဦးမည်။

ဦးမြင့်ဆွေ၏ ကော်မရှင်မှာမူ ဇန်နဝါရီလ ၃၁ ရက်နေ့အရောက် သမ္မတထံသို့ တိုက်ရိုက်အစီရင်ခံရမည်။ အကြမ်းဖက်မှု ဖြစ်ရသည့် အကြောင်းရင်း၊ နောင်မဖြစ်စေရန် နည်းလမ်းများ ပါရမည် ဖြစ်သည်။

ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းလျှင် တည်ငြိမ်ရေးမှာ အဓိက အခရာကျသည်။ အောက်တိုဘာလ ၉ ရက်နေ့က မောင်တောနှင့် ရသေ့တောင် မြို့နယ်များရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် အပါအဝင်  စခန်းသုံးခု ဘင်္ဂါလီများက အကြမ်းဖက်တိုက်ခိုက်ခဲ့၍ ရဲတပ်ဖွဲ့ဝင်ကိုးဦး ကျဆုံးကာ လက်နက်မျိုးစုံ ၅၁ လက်နှင့်ကျည်များကို အကြမ်းဖက်သမားများက ယူဆောင်သွားသည်။

ယင်းဖြစ်စဉ်ကြောင့် မောင်တောဒေသကို စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ ပါသွားသည့် လက်နက်များကို ပြန်မရမချင်း စစ်ဆင်ရေး လုပ်ဆောင်နေမည်ဟု အစိုးရက ကြေညာထားသည်။ လက်နက် ၃၀ ကျော်မှာ ပြန်မရသေးပေ။ အကြမ်းဖက်မှု ခေါင်းဆောင်များကိုလည်း မဖမ်းမိသေးပေ။

မောင်တောအရေးမှာ နိုင်ငံတကာမျက်နှာစာတွင် ဘင်္ဂါလီလူမျိုးများ လူမျိုးတုံး သတ်ဖြတ်ခံနေရသည်ဟု ပုံဖော်ခံနေရသဖြင့် နိုင်ငံတကာမျက်နှာစာသို့ တုံ့ပြန်နိုင်ရေးမှာလည်း အရေးကြီးသည်။

ဆင်းရဲမွေတေနေလျှင် ပဋိပက္ခမှာလည်း သက်ဆိုးရှည်တတ်သည်။ ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းလျှင် ဒေသဖွံ့ဖြိုးရေးကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ရန် လိုအပ်ကြောင်း ရခိုင်အရေး လေ့လာသူများက သုံးသပ်သည်။

ဒေသဖွံ့ဖြိုးရေးကိုသာ အဓိက ဦးစားပေး လုပ်ဆောင်လျှင် ရခိုင်ပြည်နယ် အရေးကို ဖြေရှင်းနိုင်မည် ဖြစ်ပြီး နိုင်ငံတကာ၏ ဖိအားပေးမှုများမှာလည်း ရှိတော့မည် မဟုတ်ကြောင်း ၂၀၁၂ ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ရေးကော်မရှင်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူ ဦးသူရ (ဇာဂနာ) က သုံးသပ်သည်။

နိုင်ငံသားစိစစ်ရေးမှာ အဓိက အခန်းကဏ္ဍတွင် ရှိသည်။ နိုင်ငံသားစိစစ်ရန် ပထမခြေလှမ်း ဖြစ်သည့် နိုင်ငံသား စိစစ်ခံရမည့်သူများ၏ သက်သေခံကတ်ပြား (NVC) ထုတ်ပေးရာတွင် ဘင်္ဂါလီ အများစုက လက်မခံ။

ဝှိုက်ကတ်ကဲ့သို့ NVC ကိုင်သူများကိုလည်း နောင်တွင် တရားမဝင် ဝင်ရောက်လာသူများအဖြစ် ထင်မှတ်စေနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးက ထုတ်ပြန်သည်။ 

သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်က ရခိုင်ပြည်နယ်၌ နိုင်ငံသားစိစစ်ရာ လူမျိုးအမည်တွင် ရိုဟင်ဂျာ ထည့်ခွင့်မရသဖြင့် ဘင်္ဂါလီများက ငြင်းဆန်၍ နိုင်ငံသားစိစစ်မှု မအောင်မြင်ခဲ့ပေ။ ရိုဟင်ဂျာ အသုံးအနှုန်းကို ယခင်အစိုးရက လက်မခံ။ လက်ရှိအစိုးရကလည်း ရိုဟင်ဂျာ မရှိဟု အထောက်အထားဖြင့် ထုတ်ပြန်ရန် ပြင်ဆင်နေသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများအတွက် ကန့်သတ်ချက်များ ရှိနေသည်။ နေထိုင်ခွင့်၊ ခရီးသွားလာခွင့် စသဖြင့်။

ဘင်္ဂါလီများ အနေနှင့် ၁၉၈၂ နိုင်ငံသားဥပဒေအတိုင်း စိစစ်ခံသင့်ပြီး နိုင်ငံသားဖြစ်ခွင့် ရှိသူများကို နိုင်ငံသား အခွင့်အရေးပေးရန် လိုအပ်ကြောင်း ရခိုင်အမျိုးသားပါတီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဖေသန်းက ဆိုသည်။ 

“ခွဲခြားဆက်ဆံတဲ့ အဆင့် မဟုတ်ပါဘူး။ နိုင်ငံသား မဟုတ်တဲ့သူက နိုင်ငံသား အခွင့်အရေး ကန့်သတ်ခံရမယ်။ နိုင်ငံသား ဖြစ်လာရင်တော့ ဒီကိစ္စတွေ ပျောက်သွားမှာပါ” ဟု ၎င်းက မှတ်ချက်ပေးသည်။ 

ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းရန် ပြည်နယ်လွှတ်တော်ကို ကြီးစိုးထားသည့် ရခိုင်အမျိုးသားပါတီနှင့် ပူးပေါင်းလုပ်ဆောင်ရေးမှာလည်း အရေးကြီးသည်။ လက်ရှိတွင် ANP နှင့် NLD အစိုးရတို့မှာ  မဆုံသောလမ်းပေါ်တွင် လျှောက်လှမ်းနေကြသည်။

မြန်မာနိုင်ငံ၏ အရေးအကြီးဆုံး အရာများအနက် တစ်ခုဖြစ်ပြီး နိုင်ငံတကာက စောင့်ကြည့်ဖိအားပေးနေသည့် ရခိုင်ပြည်နယ်အရေးမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရ၏ စွမ်းရည်ကို အကဲဖြတ်တော့မည် ဖြစ်သည်။ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်တွင်မူ ပဋိပက္ခကို ထိန်းရုံသာထိန်းနိုင်ခဲ့သည်။

ပြဿနာဟောင်းများကို ရှင်းရင်းနှင့်ပင် ၂၀၁၇ သို့ ချဉ်းနင်ဝင်ရောက်တော့မည် ဖြစ်သည်။ သောင်းခြောက်ထောင်သော ပြဿနာများနှင့်အတူ ဖော်ပြပါ ထိပ်တန်းအဖြေပေးရမည့် ပြဿနာကြီး ငါးရပ်ကလည်း အစိုးရသစ်ကို စောင့်မျှော်နေသည်။ 

The Voice