News

POST TYPE

NEWS

ရန်ကုန်အရှေ့မြောက် မြို့သစ်စီမံကိန်းကို ဦးစားပေး အကောင်အထည်ဖော်ရန် တိုင်းအစိုးရအဖွဲ့ထံ တင်ပြဟုဆို
01-Jul-2016

ရန်ကုန်၊ ဇွန် ၃၀

လှည်းကူးမြို့နယ်နှင့် ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်အတွင်းရှိ ရန်ကုန်အရှေ့မြောက် မြို့သစ်စီမံကိန်းကို ယခုအစိုးရသက်တမ်း အတွင်း ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်းရေးဆွဲထားသော မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံချက်တွင် ပါဝင်သော ရန်ကုန်အရှေ့မြောက် မြို့သစ်စီမံကိန်းကို ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်နှင့် လှည်းကူးမြို့နယ်ရှိ မြေဧက ၁၇,၃၀၀ ကျော်ပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားသတ်မှတ်ထားကြောင်း အဆိုပါ ကော်မတီထံမှ သိရှိရသည်။

“အခု ရန်ကုန်အရှေ့မြောက် မြို့သစ်စီမံကိန်းမှာ အကောင်အထည်ဖော် ဆောင်ရွက်မယ့် မြေနေရာတွေက ၁၉၉၀ ပြည့်နှစ်တည်းက လူနေထိုင်ခွင့် ကျပြီးသား မြေတွေပါ။ စီမံကိန်း လုပ်ဆောင်မယ့် နေရာတွေက အချက်အချာနေရာ ဖြစ်တဲ့အတွက် ပင်မစီမံချက်အရ ပထမဦးဆုံး လုပ်သင်တဲ့မြို့ပါ” ဟု အဆိုပါ ကော်မတီမှ တာဝန်ရှိသူက ဆိုသည်။

ယခင်အစိုးရ လက်ထက်က ရန်ကုန်အနောက်တောင် မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအစိုးရ လက်ထက်တွင် ရန်ကုန်အရှေ့မြောက် မြို့သစ်စီမံကိန်းကို ဦးစားပေး အကောင်အထည်ဖော်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။

ရန်ကုန်အရှေ့မြောက် မြို့သစ်စီမံကိန်းကို ကျပ်ငွေ ၄၉၁ ဒသမ ၁၃ ဘီလီယံ အကုန်အကျခံ တည်ဆောက်ရန် ရည်မှန်းထားပြီး ယင်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးပါက လူဦးရေ တစ်သန်းခန့် နေထိုင်နိုင်မည် ဖြစ်သည်။