POST TYPE

NEWS

ဖိလစ်ပိုင်တွင် တိုင်ဖွန်းနော့ခ်တန်းကြောင့် လေးဦး သေဆုံး
မနီလာ၊ ဒီဇင်ဘာ ၂၇

ဖိလစ်ပိုင်တွင် အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း နော့ခ်တန်း ဝင်ရောက်မှုကြောင့် အနည်းဆုံး လေးဦး သေဆုံးသည်ဟု တာဝန်ရှိသူများက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အစောပိုင်းတွင် စိုးရိမ်မှုများ ရှိခဲ့သော်လည်း လူဦးရေ ထူထပ်သော မနီလာ မြို့တော်မှာမူ လေတိုက်နှုန်း တစ်နာရီလျှင် ၁၂ဝ ကီလိုမီတာ ရှိသော မုန်တိုင်းဒဏ်မှ လွတ်ကင်း သွားခဲ့သည်။

မုန်တိုင်း ဝင်ရောက်သွားပြီး ဖြစ်သော်လည်း နောက်ထပ် ၃၆ နာရီအတွင်း ရေကြီးမှုနှင့် မြေပြိုမှုများ ရှိနိုင်ကြောင်း အာဏာပိုင်များက သတိပေးထားသည်။

သစ်ပင်များနှင့် ဓာတ်တိုင်များ လဲနေသော လမ်းများကို ရှင်းလင်းရန် အရေးပေါ် လုပ်သားများကို စေလွှတ်ထားပြီး ဆိုးဆိုးဝါးဝါး ပျက်စီးသွားသော နေရာများတွင် လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်ရစေမည်ဟု အာဏာပိုင်များက ကတိ ပေးထားသည်။

မုန်တိုင်း အန္တရာယ်ကြောင့် ပြည်တွင်း၊ ပြည်ပ လေကြောင်း ခရီးစဉ်များကို ဖျက်သိမ်းထားပြီး ကူးတို့ သင်္ဘောများကိုလည်း ပိတ်ပင်ထားသောကြောင့် ခရစ် စမတ် အားလပ်ရက် လည်ပတ်ကြသူ ၁၂,ဝဝဝ ခန့် လေဆိပ်နှင့် သင်္ဘောဆိပ်များတွင် ပိတ်မိနေသည်ဟု အာဏာပိုင်များက ပြောကြားသည်။

ကွီဇုံပြည်နယ်တွင် လဲကျသော သစ်ပင်ပိ၍ လယ်သမား တစ်ဦး သေဆုံးပြီး အယ်လ်ဘေး ပြည်နယ်တွင် ရေကြီးမှုကြောင့် ရွာသား သုံးဦး သေဆုံးခဲ့သည်ဟု ဖိလစ်ပိုင်စတား သတင်းစာတွင် ဖော်ပြထားသည်။

ခရစ်ယာန် ဘာသာကို အများစု ကိုးကွယ်သော ဖိလစ်ပိုင်တွင် အယ်လ်ဘေး ပြည်နယ်မှ ဒေသခံအချို့က ခရစ်စမတ် ကာလအတွင်း နေအိမ်များမှ စွန့်ခွာရန် ငြင်းဆန်နေမှုကြောင့် အတင်းအကျပ် ကယ်ထုတ်ခဲ့ရသည်ဟုလည်း သိရှိရသည်။

ဖိလစ်ပိုင်တွင် နီနာဟုခေါ်သော တိုင်ဖွန်းနော့ခ်တန်းသည် တနင်္ဂနွေနေ့ ညပိုင်းက ဖိလစ်ပိုင် အရှေ့ဖက် ကမ်းရိုးတန်းကို ဝင်ရောက် ဖြတ်ကျော်သွားပြီး တောင်တရုတ် ပင်လယ်ပြင်ဆီသို့ ဦးတည်လျက် ရှိသည်။

တိုင်ဖွန်းဒဏ် ခံရသော ကာတန် ဒူအန်း၊ အယ်လ်ဘေးနှင့် ကာမရင်ဆာ ဒေသများတွင် အရေးပေါ် ကယ်ဆယ်ရေး ရန်ပုံငွေ ထုတ်ပေးရန်အတွက် သဘာဝ ဘေးဒဏ်သင့် အခြေအနေ ကြေညာထားသည်ဟု မနီလာဘူလက်တင် သတင်းစာက ရေးသားထားသည်။

အောက်တိုဘာလကလည်း ဆူပါ တိုင်ဖွန်း ဟေမာကြောင့် ဖိလစ်ပိုင်တွင် လေးဦး သေဆုံးခဲ့ပြီး ၂ဝ၁၃ ခုနှစ်က ဆူပါ တိုင်ဖွန်းဟေရန်ကြောင့် လူပေါင်း ၇၃၅ဝ ကျော် သေဆုံးခဲ့သည်။

F-04