News

POST TYPE

NEWS

လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက တရားစွဲဆိုမှုအပေါ် ဥပဒေအရ ရင်ဆိုင် ဖြေရှင်းမည်ဟု တရားစွဲခံရသူ အမျိုးသမီးဆို
27-Dec-2016 tagged as ပုဒ်မ ၆၆ (ဃ)


ရန်ကုန်၊ ဒီဇင်ဘာ၂၇

ရန်ကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက အသရေဖျက်မှုနှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) တို့ဖြင့် တရားစွဲဆို ထားမှုတို့အပေါ် ဥပဒေလမ်းကြောင်းအရ ရင်ဆိုင် ဖြေရှင်းသွားမည်ဟု တရားစွဲခံထားရသူ ဒေါ်မြတ်သက်မွန်က ပြောကြားသည်။ 

ကျောက်တံတားမြို့နယ် ဆူးလေ ဘုရားလမ်းရှိ City Star ဟိုတယ်တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းကပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်မြတ်သက်မွန်က “ကျွန်မ ပရဟိတ လုပ်ငန်းလုပ်နေသူ တစ်ဦးပါ။ အိမ်ဖော် မိန်းကလေးရဲ့ လီဆယ် တိုင်တန်းမှုကတစ်ဆင့် စုံစမ်းစစ်ဆေးမှု သေချာ မလုပ်ကြဘဲ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ အခုလို တရားစွဲဆိုခဲ့တာ အများကြီး နစ်နာနေပါတယ်၊ အခုလည်း ကျွန်မဘက်က ညှိနှိုင်းဖို့ ကြိုးစားတာကို လက်မခံတော့ ဥပဒေအတိုင်းပဲ ရင်ဆိုင်ဖြေရှင်းမှာပါ”ဟု ရှင်းပြသည်။

ရန်ကင်းမြို့နယ် အမှတ်(၆)ရပ်ကွက် ရှိနေအိမ်တွင် အိမ်အကူဖြစ်သူ မသက်သက် ဆိုသည့် မိန်းကလေးက ငွေအချို့ ခိုးယူပြီး နေအိမ်မှ ပျောက်ဆုံးနေခြင်းကြောင့် သက်ဆိုင်ရာ ရဲစခန်းထံ လူပျောက် တိုင်ကြားကာ စုံစမ်း ရှာဖွေနေခဲ့စဉ် ရန်ကင်းမြို့နယ် တိုင်းဒေသကြီးအမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဒေါ်သီတာမောင်က NLD ပါတီရုံးသို့ ၎င်းနှင့် လာရောက် တွေ့ဆုံရန် အကြောင်း ကြားခဲ့သဖြင့် သွားခဲ့ကြောင်း၊ ယင်းနောက် စကားပြောဆိုရာတွင် အိမ်ဖော် ကောင်မလေး ဖုန်း ခိုးဝယ်ယူခြင်း မရှိသည်ကို ဘာကြောင့် စွပ်စွဲရသနည်းဟု လွှတ်တော် ကိုယ်စားလှယ် ဒေါ်သီတာအောင်က မေးမြန်းသည့်အတွက် အနီးရှိ အိမ်ဖော် မိန်းကလေးကို မဟုတ်မှန်ဘဲ လီဆယ် တိုင်တန်းမှုအတွက် ဆူပူ ကြိမ်းမောင်းမိခဲ့ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်ရုံးဝင်းအတွင်း ယင်းသို့ ပြောဆိုခဲ့မှုကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က အသရေဖျက်မှုပုဒ်မ ၅ဝဝ ဖြင့် တရားရုံးတွင် ဦးတိုက်လျှောက် စတင် တရားစွဲဆိုခဲ့ကြောင်း၊ ယင်းသို့ ပြုလုပ်သည့်အပေါ် စက်တင်ဘာလ ၁၈ ရက်နေ့က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ပြည်သူ တစ်ဦးအပေါ်ကို မမျှတသော တရားစွဲဆိုမှုဟု စာသားအချို့ ရေးသား တင်ခဲ့ရာမှ ဆက်သွယ်ရေး ပုဒ်မဖြင့် ထပ်မံ တရားစွဲဆို ခံရခြင်းဖြစ်ကြောင်း ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့သည်။ 

အဆိုပါ တရားစွဲဆိုမှုနှင့် ပတ်သက်၍ ရန်ကင်းမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်ကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာတွင် “ကျွန်တော်တို့ မလျော်သြဇာ သုံးပြီး စစ်ဆေးမေးမြန်းခဲ့တာ တစ်ခုမှ မရှိပါဘူး၊ မိန်းကလေး တိုင်ကြားမှု ဖြစ်စဉ် မှန် မမှန်ကို ခေါ်ယူ မေးတာပါ၊ ဒါကို အမျိုးသမီးက ကိုယ်စားလှယ်ရုံးထဲမှာ ပုဂ္ဂလိက ပုတ်ခတ် စော်ကား ပြောဆိုမှုတွေကို ပြောဆိုပါတယ်၊ ပြည်သူတွေ လိုလားလို့ ရွေးချယ်ခဲ့တဲ့ ကိုယ်စားလှယ်တွေပါ၊ အခုလည်း ကျွန်တော်တို့ ပါစင်နယ်အရ တရား စွဲဆိုတာပါ၊ ပါတီအနေနဲ့ ဘာတစ်စုံတစ်ရာမှ ပတ်သက်ခြင်း မရှိပါဘူးလို့ ပြောချင်ပါတယ်”ဟု ပြန်လည် ပြောကြားသည်။

အသရေဖျက်မှု ပုဒ်မ ၅ဝဝ အရ သက်ဆိုင်ရာ မြို့နယ် တရားရုံးတွင် နှစ်ဖက် အမှု ရင်ဆိုင်လျက်ရှိပြီး ထပ်မံ စွဲဆိုသည့် ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) အရ သက်သေခံပစ္စည်း ဖြစ်သည့် လက်ကိုင်ဖုန်းနှင့် ဆင်းမ်ကတ် အပါအဝင် Myat Thet Mon ဖေ့စ်ဘွတ် အကောင့်တို့ကို မှုခင်း ရဲတပ်ဖွဲ့က စစ်ဆေး ဆောင်ရွက်ရန် တောင်းဆိုခဲ့ခြင်းကြောင့် ဒီဇင်ဘာလ ၇ ရက်နေ့က ရန်ကင်းမြို့မ ရဲစခန်းထံ သွားရောက် အပ်နှံခဲ့ကြောင်း ဒေါ်မြတ်သက်မွန်ထံမှ သိရှိရသည်။

လက်ရှိတွင် စွပ်စွဲခံရသော ဒေါ်မြတ်သက်မွန်ကို ရန်ကင်း မြို့မရဲစခန်းက (ပ)၃၃၈/၂ဝ၁၆ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) အမှုဖွင့် လှစ်ထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။