POST TYPE

NEWS

မောင်တောနယ်စပ်ခြံစည်းရိုး ခေတ်မီနည်းပညာသုံး တည်ဆောက်မည့်အဆို ရခိုင်လွှတ်တော်တွင် ဆွေးနွေး
စစ်တွေ၊ ဒီဇင်ဘာ ၂၆

မြန်မာ-ဘင်္ဂလားဒေ့နယ်စပ် ခြံစည်းရိုး တစ်လျှောက်ကို ယခုထက် ပိုမိုလုံခြုံစိတ်ချရသည့် အတားအဆီးကာရံပေးရေး အဆိုကို ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က တင်သွင်းပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ရခိုင်ပြည်နယ်လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

 ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အဆိုပါ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုး တစ်လျှောက်ကို ယခုထက် ပိုမိုလုံခြုံ စိတ်ချရသည့် အတားအဆီး ကာရံပေးရေး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တစ်ဆင့်  ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်က ဆွေးနွေးခဲ့ပြီး မှတ်တမ်းတင်ကာ ဆက်လက်စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်လျှောက်တွင် ခေတ်မီနည်းပညာများ အသုံးပြုပြီး လုံခြုံရေးစနစ်များကို တည်ဆောက်ရန်နှင့် တောင့်တင်းခိုင်မာသော အုတ်တံတိုင်း ကာရံရန် ယင်းအဆိုတွင် ထည့်သွင်းပြောဆိုခဲ့ကြောင်း ဦးဇော်ဇော်မြင့်က ပြောဆိုသည်။

ယင်းအဆိုကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက လက်ရှိ မောင်တောနယ်စပ် ခြံစည်းရိုး ကာရံခြင်းသည် ဆောင်ရွက်ဆဲ လုပ်ငန်းတစ်ခု ဖြစ်ပြီး အဆင့်သုံးဆင့် သတ်မှတ်ပြီး ဆောင်ရွက်နေကြောင်း၊ ကင်းစခန်း ၅၀ ကျော်ကိုလည်း တိုးချဲ့ပြီး ဆောင်ရွက်နေကြောင်းနှင့် လုံခြုံရေး အခြေအနေများကိုလည်း ယခုထက် ပိုမိုကောင်းမွန် စိတ်ချလုံခြုံစေရန် ဆောင်ရွက်နေသည့်ကာလ ဖြစ်သည့်အတွက် ဤအဆိုအား လွှတ်တော် မှတ်တမ်းအဖြစ်သာ ထားရှိပေးရန် တင်ပြခဲ့သည်။

အစိုးရအနေနှင့် လက်ရှိတွင် ယခုထက် ပိုမိုကောင်းမွန်သည့် လုံခြုံရေးစနစ်ကို လုပ်ဆောင်နေပြီး၊ ယင်းထဲတွင် နယ်မြေဒေသ တည်ငြိမ်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားကျေးရွာများ တိုးချဲ့တည်ထောင်ရေးနှင့် ဝန်ထမ်းများ စနစ်တကျ ရှိရေး ပါဝင်ကြောင်း ဗိုလ်မှူးကြီး ထိန်လင်းကပြောကြားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်သည် ကုန်းမြေထိစပ်မှု မိုင်ပေါင်း ၁၂၆ ဒသမ ၆၈ မိုင်ရှိပြီး ရေမြေထိစပ်မှု မိုင် ၃၉ ဒသမ ၈၂ မိုင် ရှိကြောင်း ဗိုလ်မှူးကြီး ထိန်လင်းက ဆိုသည်။

မောင်တောနယ်စပ် ကုန်းမြေထိစပ်နေသည့် နယ်စပ်တစ်လျောက်တွင် သံဆူးကြိုး ကာရံခြင်း လုပ်ငန်းကို ဆောင်ရွက်နေသော်လည်း အရည်အသွေးမပြည့်မီ၍ ဆင်နှင့် လူတို့ကြောင့် မကြာခဏ ပျက်စီးနေကြောင်း မောင်တောဒေသခံများက ပြောကြားသည်။            

R-04