POST TYPE

NEWS

ယခုနှစ်အတွင်း ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုမှု ၄၅ မှုရှိ
25-Dec-2016 tagged as ပုဒ်မ ၆၆ (ဃ)

ရန်ကုန်၊ ဒီဇင်ဘာ  ၂၅ 

၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၂၁ ရက်နေ့အထိ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့် တရားစွဲထားသည်မှာ ၄၅ မှုရှိပြီး အစိုးရသစ် လက်ထက်တွင် ၃၈ မှု ရှိကြောင်း ဆက်သွယ်ရေးဆိုင်ရာ သုတေသနအဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ ထုတ်ပြန်ချက်အရ ပြည်သူလူထု ရွေးကောက်တင်မြှောက်သော အစိုးရသစ်လက်ထက် ၉ လခန့်တွင် ၃၈ မှုရှိပြီး ၁၆ ဦး ဖမ်းဆီးခံထားရကာ ပြစ်ဒဏ်ချမှတ်ခံရသူ သုံးဦးရှိကြောင်း၊ ၂ဝ၁၃ ခုနှစ်က ပြဋ္ဌာန်းပြီး နောက်ပိုင်း ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ၇ မှုသာရှိခဲ့ပြီး ၅ ဦး ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း ယင်းထုတ်ပြန်ချက်အရ သိရှိရသည်။

“ဒီဥပဒေနဲ့ အမှုဖွင့်ခံရတဲ့သူက အချုပ်ထဲ အရင်ဝင်ရတယ်၊ အာမခံမရဘူး၊ အဲဒီကတည်းက တစ်ပန်းရှုံးနေပြီ၊ အမှုမခိုင်လုံလို့ ပြန်လွတ်ခဲ့ရင်လည်း နစ်နာသူဘက်က လျော်ကြေးတောင်းဆိုခွင့် မရှိဘူး၊ အကောင့်အတု ဖွင့်လုပ်လည်း လာဖမ်းတဲ့ သဘောမျိုးတွေ ရှိတယ်၊ နည်းပညာခိုင် ခိုင်မာမာ မရှိဘူး၊ အိုင်တီနည်းပညာရှင်တွေ လိုတယ်၊ အခုက စီအိုင်ဒီ စစ်ချက်တစ်ခုတည်းနဲ့ အရေးယူနေတယ်၊ အဲဒါကြောင့် ဒီပုဒ်မကို ပယ်ဖျက်ပေးဖို့ ဒါမှမဟုတ် အားနည်းချက်တွေကို ပြင်ဆင်ပေးဖို့ လှုပ်ရှားရတာပါ” ဟု ကဗျာဆရာ မောင်ဆောင်းခက ဆိုသည်။

အဆိုပါပုဒ်မတွင် ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကိုအသုံးပြုပြီး ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်မှု ပြုလုပ်ခြင်း ထင်ရှားလျှင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ကျခံရမည်ဟု ပြဋ္ဌာန်းထားသည်။

ယင်းဆက်သွယ်ရေး ဥပဒေနှင့် ပတ်သက်၍ နည်းဥပဒေ ပြဋ္ဌာန်းနိုင်ရန် နိုဝင်ဘာလ ၄ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့ထိ ပြည်သူလူထုကို ချပြခဲ့ကြောင်း၊ ပြည်တွင်း၊ ပြည်ပ နည်းပညာလုပ်ငန်းရှင်များ၊ NGOနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ အကြံပြုချက်များလက်ခံရရှိပြီး ပြန်လည်သုံးသပ်ပြင်ဆင်ကာ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တစ်ဆင့် လာမည့် နှစ်ဆန်းပိုင်းတွင် အတည်ပြုနိုင်ဖွယ် ရှိကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးထံမှ သိရှိရသည်။               

J -16