News

POST TYPE

NEWS

အငြင်းပွားနေသော ထရမ့်ဖောင်ဒေးရှင်းကို ပိတ်ပစ်ရန် ဒေါ်နယ်ထရမ့် ဆုံးဖြတ်
25-Dec-2016 tagged as ဒေါ်နယ်ထရမ့်

နယူးယောက်၊ ဒီဇင်ဘာ ၂၅

ဒေါ်နယ်ထရမ့်က ၎င်း၏ကုသိုလ်ဖြစ် ထရမ့်ဖောင်ဒေးရှင်းအပေါ် အာဏာပိုင်များက စုံစမ်း စစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေသော်လည်း ၎င်းအနေနှင့် ပိတ်ပစ်ရန် စီစဉ်ထားသည်ဟု ထုတ်ပြန် ကြေညာကြောင်း BBC သတင်းတွင် ဖော်ပြသည်။

အကျိုးစီးပွား ပဋိပက္ခဖြစ်မည့် အသွင်သဏ္ဌာန်ကိုပင် ၎င်းအနေနှင့် ရှောင်ရှားလိုသည်ဟု ထရမ့်က ပြောကြားသည်။

ထရမ့် ငြင်းဆိုထားသော သံသယဖြစ်ဖွယ် မမှန်ကန်မှုများကို နယူးယောက် ရှေ့နေချုပ်ရုံးက စုံစမ်း စစ်ဆေးနေပြီး စုံစမ်း စစ်ဆေးမှု ဆက်လက် ပြုလုပ်နေစဉ် ဖောင်ဒေးရှင်းကို ပိတ်ရန် မဖြစ်နိုင်ဟု ရှေ့နေချုပ်ရုံးက ပြောကြားသည်။

ထရမ့်က ၎င်း၏ ဖောင်ဒေးရှင်းသည် နှစ်ပေါင်း များစွာအတွင်း ကောင်းသော အလုပ်များကိုသာ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ သမ္မတ တစ်ဦး၏ ကဏ္ဍနှင့် ပဋိပက ဖြစ်လာမည့်အရာ မှန်သမျှကို ရှောင်ရှားလိုသောကြောင့် ပရဟိတ လုပ်ငန်းကို အခြား နည်းလမ်းများဖြင့် ဆောင်ရွက်သွားရန် ဆုံးဖြတ်လိုက်ကြောင်း ထုတ်ပြန် ပြောဆိုသည်။

ဒေါ်နယ်ထရမ့်သည် လာမည့် ဇန်နဝါရီလ ၂ဝ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုကာ သမ္မတ အိုဘားမား၏ နေရာကို အစားဝင်မည် ဖြစ်သည်။

နယူးယောက် ရှေ့နေချုပ် အီရစ်ရှနိုက် ဒါမန်က နယူးယောက်ရှိ ကုသိုလ်ဖြစ် အဖွဲ့အစည်းများအား စီမံထိန်းချုပ်သော ဥပဒေများကို ထရမ့်ဖောင်ဒေးရှင်းက လိုက်နာကြောင်းကို သေချာ သိရှိလိုပြီး ထိုအချက်တွင် မမှန်ကန်မှု ရှိနေသည်ဟု စိုးရိမ်မိကြောင်း စက်တင်ဘာလက ပြောကြားခဲ့သည်။

နယူးယောက် ရှေ့နေချုပ်ရုံးသည် ဇွန်လကတည်းက ထရမ့်ဖောင်ဒေးရှင်းကို  စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၃ ခုနှစ်က ဖလောရီဒါ ရှေ့နေချုပ် ပမ်းဘွန်ဒီ ကျောထောက်နောက်ခံ ပေးထားသော အုပ်စု တစ်ခုထံ လှူဒါန်းမှုကို တရားဝင် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က ထရမ့် ယူနီဗာစီတီ၏ လိမ်လည်မှုကို စုံစမ်း စစ်ဆေးရန် ပမ်းဘွန်ဒီ၏ ရုံးက စဉ်းစားနေသည့် အချိန်တွင် ရန်ပုံငွေ ၂၅,ဝဝဝ ဒေါ်လာ လှူဒါန်းမှု ပြုလုပ်ခဲ့ပြီးနောက် စုံစမ်း စစ်ဆေးမှု အကောင်အထည် ပေါ်မလာတော့ပေ။ မစ္စပမ်းဘွန်ဒီကမူ စုံစမ်း စစ်ဆေးမှုနှင့် ရန်ပုံငွေ လှူဒါန်းမှုတို့ ဆက်နွှယ်ခြင်း မရှိဟု ငြင်းဆိုခဲ့သည်။

ထရမ့် ဖောင်ဒေးရှင်းသည် ပုဂ္ဂလိက ကုသိုလ်ဖြစ် အဖွဲ့အစည်းဖြစ်ပြီး ထရမ့်၏  အရောင်းရဆုံး ဆက်ဆံရေး အနုပညာ စာအုပ်မှ ရရှိသော ငွေများဖြင့် ၁၉၈၇ တွင် မတည် ထူထောင်ခဲ့ခြင်း ဖြစ်သည်။ 

၁၉၈၉ ခုနှစ်က ဒေါ်လာ တစ်သန်း ထည့်ဝင်မှု အပါအဝင် ၂ဝဝ၅ ခုနှစ်အထိ ထရမ့် တစ်ဦးတည်းက ထောက်ပံ့ခဲ့သော်လည်း နောက်ပိုင်းတွင် ထရမ့်၏ မိတ်ဆွေများက သီးသန့် ထောက်ပံ့ခဲ့ကြခြင်း ဖြစ်သည်။

F-01