News

POST TYPE

NEWS

အေတီအမ်စက်မှ ငွေခိုးထုတ်သော ဘူလ်ဂေးရီးယားနိုင်ငံသားကို အမိန့်ချ
19-Dec-2016 tagged as KBZ ATM


ရန်ကုန်၊ ဒီဇင်ဘာ ၁၉

စမတ်ကတ်အတုအသုံးပြုကာ ကမ္ဘောဇဘဏ်၏ အေတီအမ်စက်မှ ငွေများကို ခိုးထုတ်ခဲ့သော ဘူလ်ဂေးရီးယားနိုင်ငံသား Mr.Minel အား ကမာရွတ်မြို့နယ်တရားရုံးက ယနေ့(ဒီဇင်ဘာ ၁၉ရက်) မွန်းလွဲပိုင်းတွင် အလုပ်နှင့် ထောင်ဒဏ်အသီးသီးကျခံရန် အမိန့်ချမှတ်ခဲ့သည်။

၎င်းအမျိုးသားကို ပုဒ်မလေးခုဖြင့် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ခိုးယူမှု ပုဒ်မ ၃၈၀အရ အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်၊ အတုပြုလုပ်မှုပုဒ်မ ၄၆၅ အရ အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်တို့ကို သီးခြားစီကျခံစေရန် အမိန့်ချခဲ့ကြောင်း၊ ဗီဇာစည်းကမ်းဖောက်ဖျက်မှု လ.ဝ.က ပုဒ်မ ၁၃(၁) အရ အလုပ်နှင့် ထောင်ဒဏ် ခြောက်လနှင့် CIDရဲတပ်ဖွဲ့မှ ထပ်မံစွဲဆိုခဲ့သော အီလထရောနစ်ဥပဒေ ပုဒ်မ ၃၄(ဃ)အရ ဒဏ်ငွေ ကျပ်သိန်း ၅၀ ပေးဆောင်ရန်၊ မဆောင်နိုင်ပါက ၎င်းပြစ်မှုနှင့်ထိုက်တန်သော ထောင်ဒဏ် တစ်နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း၊ အထက်တရားရုံးသို့ အယူခံဝင်နိုင်ကြောင်း ကမာရွတ်မြို့နယ် တရားရုံးထံမှ သိရသည်။

"စုစုပေါင်း အလုပ်နဲ့ထောင်ဒဏ် ငါးနှစ် ခြောက်လမှာ အမှုစစ်ကာလ လျော့ရက် တစ်နှစ်ကျော် ခံစားခွင့်ပြုပါတယ်။ အထက်တရားရုံးလည်း အယူခံတက်ခွင့် လုပ်နိုင်ပါတယ်။ ဒဏ်ငွေကျပ်သိန်း ၅၀ ဆောင်၊ မဆောင်က တရားခံနဲ့ သူ့ရှေ့နေ ညှိနှိုင်းဆဲပါ။ မဆောင်ဘူးလို့ တရားခွင်မှာတော့ တရားခံကိုယ်တိုင် ငြင်းဆန်သွားပါတယ်" ဟု ယင်းမြို့နယ်တရားသူကြီး ဒေါ်သန္တာရှင်က The Voiceသို့ ပြောကြားသည်။

ယင်းအပြင် ၎င်းထံမှသိမ်းဆည်းရရှိခဲ့သော ငွေကျပ် ၄၉၃သိန်းကျော်ထဲမှ ကျပ်သိန်း ၃၅၉ကို ငွေများနစ်နာဆုံးရှုံးခဲ့သော KBZ ဘဏ်က ပြန်လည်လွဲပြောင်းရယူစေရန်နှင့် ကျန်ငွေများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းစေခဲ့ပြီး ၎င်းထံမှ တွေ့ရှိသည့် စမတ်ကတ်အတုပေါင်း ၃၁၂ကတ်ကို ဖျက်ဆီးပစ်ရန်၊ ၎င်းပိုင်ဆိုင်သော ယာဉ်မောင်းလိုင် စင် ပတ်စ်ပို့ကတ်နှင့် ပေါင်ငွေ နှစ်ဆယ်တန် ၁၅ရွက်တို့ကို ၎င်းထံ လွှဲပြောင်းကာ ပြန်လည်ပေးအပ်စေရန်အမိန့်ချခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရှိရသည်။

ယခင်နှစ် နိုဝင်ဘာ ၈ရက်က လှည်းတန်းစင်တာနှင့် Junction Square ရှိ KBZ ဘဏ် အေတီအမ်စက်မှ ငွေကျပ် ၁၈သိန်းကို စမတ်ကတ်အတုအသုံးပြုထုတ်ယူသည်ဟု တာဝန်ရှိသူတို့က စစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့် ယင်းဘဏ်တွင် တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာအချို့ကို စစ်ဆေးစဉ် မသင်္ကာဖွယ် နိုင်ငံခြားသားအမျိုးသားတစ်ဦးကို တွေ့ရှိခဲ့သဖြင့် ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့ထံ အသိပေးတိုင် ကြားရာမှ ယခုအပြစ်ပေးအရေးယူခံရသည့်ဘူလ်ဂေးရီးယားနိုင်ငံသားကို ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းရှိ City Star ဟိုတယ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဓာတ်ပုံ - အောင်ဇော်ထူး

  • VIA