News

POST TYPE

NEWS

ပြည်တွင်းအခွန်များဦးစီးဌာနရုံးချုပ်မှဝန်ထမ်းများ CDM တွင် ပါဝင်
09-Feb-2021
ရန်ကုန်၊ ဖေဖော်ဝါရီ ၉

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန (ရုံးချုပ်) မှ ဝန်ထမ်းများသည် Civil Disobedience Movement (CDM) တွင်ပါဝင်ကြောင်း ပါဝင်သည့်ဝန်ထမ်းများက သဘောထားထုတ်ပြန် ကြေညာ လိုက်သည်။

ကျွနု်ပ်တို့သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မသိမ်းယူခဲ့သည့် စစ်အာဏာရှင်တို့၏ လုပ်ရပ်အပေါ် လုံးဝ(လုံးဝ) ကန့်ကွက်ပြီး ဒီမိုကရေစီနည်းလမ်းတကျ ပြည်သူ့ဆန္ဒဖြင့် ပွင့်လင်းမြင်သာစွာ ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့အစိုးရ၏ စီမံခန့်ခွဲမှု အောက်တွင်သာ ပြည်သူ့ဝန်ထမ်းပီသစွာ တာဝန်ထမ်းဆောင်လိုကြောင်း ကြေညာချက်တွင်ပါရှိသည်။ 

"မိမိအဖွဲ့အစည်း လူပါဝင်မှုအခြေအနေ ထူးခြားမှုများ ရှိမလား သွေးကြောင်ပြီး စောင့်ဆိုင်းနေခဲ့မိတယ်။ ဒါပေမဲ့ အထွေထွေအလုပ်သမားသပိတ် (၈.၂.၂၀၂၁) မှစပြီး ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ ဝန်ထမ်းတစ်ဦးအနေနဲ့ ကျွန်တော်လည်း Civil Disobedience Movement မှာ ပါဝင်မည်ဖြစ်ပါသည်။ မိမိသည် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကို မိမိနာမည်ဖြင့်သာ အသုံးပြုပါသည်။ နာမည်ဖော်ပြထားခြင်းမရှိသော လှုပ်ရှားမှုများတွင် မိမိပါဝင် ပတ်သက်ခြင်းမရှိပါ။ ဤသို့ ပါဝင်ရခြင်းမှာ မည်သူတစ်ဦးတစ်ယောက်၏ သွေးထိုးလှုံ့ဆော်အားပေးခြင်း မပါဝင်ဘဲ မိမိ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သာ ပါဝင်ခြင်းသာဖြစ်ပါသည်" ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

နိုင်ငံတစ်ဝန်းလုံးတွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်၍ ငြိမ်းချမ်းစွာဆန္ဒ ဖော်ထုတ်နေကြသော အခြားပြည်သူ့ ဝန်ထမ်းများနည်းတူ ကျွနု်ပ်တို့သည်လည်း မည်သူတစ်ဦးတစ်ယောက်၏ သွေးထိုးလှုံ့ဆော်အားပေးခြင်း မပါဝင်ဘဲ မိမိတို့၏သဘောဆန္ဒဖြင့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှစတင်၍ ရုံးတက်ရောက်ခြင်းမပြုဘဲ Civil Disobedience Movement (CDM) တွင် ပူးပေါင်းပါဝင်လျက်ရှိပြီး မိမိတို့အနေဖြင့် အဆိုပါ CDM အောင်မြင်သည်အထိ ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါကြေညာချက်သည် အစစ်အမှန်ဖြစ်ပြီး CDM တွင် အမှန်တကယ်ပူးပေါင်းပါဝင် ဆောင်ရွက်သူ ဝန်ထမ်းများကိုသာ ကိုယ်စားပြုကြောင်း ကြေညာချက်တွင် ပါရှိသည်။

S-07