News

POST TYPE

NEWS

လူငါးဦးထက် ပိုမစုရအမိန့်ထုတ်သော်လည်း စစ်အာဏာသိမ်းမှုကို လူသိန်းနှင့်ချီ ဆက်လက်ဆန္ဒပြ
09-Feb-2021

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ကမာရွတ်မြို့နယ် လှည်းတန်းရှိ စစ်အာဏာသိမ်းခြင်းကိုဆန့်ကျင်သောလူထုဆန္ဒပြမှုနှင့် ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့နေသည်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့က တွေ့မြင်ရစဉ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

စစ်အစိုးရက လူငါးဦးထက်ပိုမစုရ အမိန့်ထုတ်၍ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြမှုများကို ရပ်တန့်စေရန် ကြိုးပမ်း သော်လည်း ရန်ကုန်မြို့ ဆူးလေနှင့် လှည်းတန်းတွင် လူထုသိန်းနှင့်ချီ၍ ဆက်လက်ဆန္ဒပြခဲ့ကြသည်။ 

ဖေဖော်ဝါရီလ ၈ ရက် ညပိုင်းတွင် တစ်နိုင်ငံလုံး မြို့ကြီးများအပါအဝင် ရန်ကုန်မြို့ကိုလည်း ပုဒ်မ ၁၄၄ ထုတ်၍ ည ၈ နာရီမှ နံနက် ၄ နာရီအတွင်း နေအိမ်အပြင်မထွက်ရန်၊ လူငါးဦးထက်ပို၍ မစုဝေးရန် အာဏာသိမ်းအစိုးရက အမိန့်ထုတ်တားဆီးခဲ့သည်။ 

သို့သော် ဖေဖော်ဝါရီ ၉ ရက်တွင် ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံ၌ပင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြလူထု ယခင်ရက်များထက်ပိုမိုများပြားလာပြီး သိန်းနှင့်ချီ၍ တစ်နေကုန်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ 

ဆန္ဒပြလူထုသည် ပြည်လမ်းတွင် ရန်ကုန်တက္ကသိုလ်ဝင်ပေါက်အထိနှင့် နာနတ်တောလမ်းဆုံအထိ လူမပြတ်ဘဲရှိပြီး လှည်းတန်းလမ်းတစ်လျှောက်သည် လမ်းလူတန်းရှည်ကြီးဖြင့် စတုတ္ထမြောက်နေ့တွင် သိန်းနှင့်ချီရှိခဲ့သည်။ 

တက္ကသိုလ်ရိပ်သာလမ်းတွင် ယခင်ရက်များက ရန်ကုန်တက္ကသိုလ်ဝင်ပေါက်အနီးထိ သွားလာခွင့်ရပြီး ဖေဖော်ဝါရီ ၉ ရက်တွင်မူ ရဲအင်အား အများအပြားဖြင့် ပြည်လမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်အထိ တစ်ဆင့်ချင်း ရှေ့တိုးကာနေရာယူခဲ့သည်။

ထို့ပြင် ယခင်ရက်များက ရန်ကုန်တက္ကသိုလ်ရှေ့၊ တက္ကသိုလ်များဆေးရုံဘေးတွင် အသင့်ထားရှိသော ရေအမြောက် ကားနှစ်စီးနှင့် ရေသယ်ယာဉ်များကို ရှေ့ထုတ်လာပြီး ဆန္ဒပြလူထုကို ခြိမ်းခြောက်လူစုခွဲရန် ကြိုးစားခဲ့သည်။ 

ရဲတပ်ဖွဲ့က ရဲအင်အားအများအပြားနှင့် ရေအမြောက်ကားများကို ရှေ့ထုတ်လာပြီး ပုဒ်မ ၁၄၄ အရ လူငါးဦးထက် ပိုမစုဝေးရန် အမိန့်ထုတ်ပြီးဖြစ်၍ လူစုခွဲကြရန် ဖေဖော်ဝါရီလ ၉ ရက်နံနက် ၁၀ နာရီခန့်မှစတင်ကာ ကြေညာခဲ့သည်။ 

ယင်းသို့ ကြေညာပြီးသည်အထိ လူစုမခွဲပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၀၂၊ ၁၀၃ အရပါ အရေးယူမည်ဖြစ်ကြောင်းကိုလည်း အသံချဲ့စက်မှတစ်ဆင့် တစ်ဆက်တည်း အဆက်မပြတ် သတိပေးပြောဆိုလျက်ရှိသည်။

သို့သော် ဆန္ဒပြလူထုက ထိပ်တိုက်မတွေ့ဘဲ တဖြည်းဖြည်းနောက်ဆုတ်ပေးကာ လူစုမခွဲဘဲ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကို တစ်ခဲနက် ဆက်လက်ဆန္ဒပြခဲ့ကြသည်။ 

ရေအမြောက်ကား အသုံးပြု၍ လူစုခွဲပါက နားနှစ်ဖက်ကို လက်ဖြင့်ပိတ်၍ မြေပြင်ပေါ်ထိုင်ချရန်၊ ယင်းမှတစ်ဆင့် မြေပြင်တွင် ဝပ်၍ လှဲနေရန်ကို ဆန္ဒပြလူထုအတွင်းမှ တစ်ဦးက လူထုရှေ့တွင် သရုပ်ပြခဲ့သည်။ 

ထို့ပြင် ဆန္ဒပြလူထုက အဝါ၊ အနီ၊ အစိမ်း ရောင်စုံပါရှိသော ရေစိုခံမိုးကာ အင်္ကျီများကို ဝတ်ဆင်ပြီး ရေစိုခံပလတ်စတစ်များကို အစုအလိုက် မိုးကာထားခဲ့ကြသည်။ 

ရဲတပ်ဖွဲ့က တက္ကသိုလ်ဓမ္မာရုံရှေ့မှစကာ တဖြည်းဖြည်း ပြည်လမ်းထောင့်အထိ တိုးလာပြီး ရေအမြောက်ကားသုံး၍ ခြိမ်းခြောက် လူစုခွဲရန် ပြင်ဆင်သဖြင့် လူနာတင်ယာဉ် လေးစီးခန့်က ဆန္ဒပြ လူထုရှေ့မှလာရပ်ပြီး ကာကွယ်ခဲ့ကြသည်။ 

သို့သော် ဆန္ဒပြလူထုအား ယင်းသို့ ပိတ်ဆို့ကာကွယ်သဖြင့် ရဲတပ်ဖွဲ့က ယာဉ်ထိန်းရဲတပ်ဖွဲ့အရာရှိများကို ခေါ်ယူကာ လူထုရှေ့တွင် ပိတ်ရပ်ပေးသော လူနာတင်ယာဉ်များကို ပြန်လည်ထွက်ခွာစေရန် ပြောဆိုခဲ့သည်။ 

လှည်းတန်းလမ်းဆုံတွင် သိန်းနှင့်ချီသော ဆန္ဒပြလူထုသည် ညနေပိုင်း ၄နာရီခန့်အထိ လူစုကွဲခြင်းမရှိသေးဘဲ စစ်အာဏာသိမ်းယူမှုကို ဆက်လက်ဆန္ဒပြခဲ့ကြသည်။ 

စတုတ္ထမြောက်နေ့ လှည်းတန်းလမ်းဆုံ ဆန္ဒပြမှုတွင် ထူးခြားချက်မှာ တက္ကသိုလ်ရိပ်သာလမ်းဘက် နေရာယူထားသော ရဲတပ်ဖွဲ့၏ နောက်တွင် လုံထိန်းကားများအပြင် ဒိုင်း၊ သေနတ်၊ နံပါတ်တုတ်ပါသော တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင်များပါ ထပ်မံနေရာချထားခြင်းဖြစ်သည်။ 

၎င်းတို့၏ လက်မောင်းတံဆိပ်အရ တပ်မ (၇၇) ဟု ရေးသားထားသည်ကို တွေ့ရှိရသည်။ တွေ့ရှိရသည့်အရေအတွက် အားဖြင့်မူ အင်အား ၃၀ ခန့်ရှိမည်ဟု ခန့်မှန်းရသည်။ 

သို့သော် လှည်းတန်းလမ်းဆုံ ဆန္ဒပြမှုတွင် ရဲတပ်ဖွဲ့နှင့်လူထု ထိပ်တိုက်တွေ့၍ တစ်စုံတစ်ရာ ပဋိပက္ခဖြစ်ပွားခြင်းမရှိခဲ့ပေ။ ယင်းနေ့ ညနေပိုင်း ၅နာရီခန့်တွင် လူထုကိုယ်တိုင် လူစုခွဲကာ ပြန်လည်ထွက်ခွာခဲ့ကြသည်။ 

ရန်ကုန်မြို့လယ် ဆူးလေ၌ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုသည် နည်းမသွားဘဲ ပို၍များလာခဲ့သည်။ သို့သော်ယခင်ရက်များကဲ့သို့ မြို့တော်ခန်းမရှေ့တွင် တစ်စုတည်း စုဝေးခြင်းမျိုး မဟုတ်ပေ။ 

မြို့လယ်ကောင်တွင် လူထုသိန်းချီခန့်ရှိနေသော်လည်း အားလုံးသည် နေရာစုံအနှံ့တွင် ကိုယ့်အဖွဲ့နှင့်ကိုယ် သီးခြားစုဖွဲ့၍ နေရာခြားကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ 

မြို့တော်ခန်းမရှေ့နှင့် ဆူးလေဘုရားတစ်ဝိုက်တွင် လုံခြုံရေးအဖြစ် ကာထားသော သံတိုင်အတားအဆီးများတွင် မတ်တတ်ရပ်၍ ဆန္ဒပြနေသူများလည်း ရှိခဲ့သည်။

မြို့နယ်အစုံမှ တစ်ဖွဲ့ ပြီးတစ်ဖွဲ့ ရောက်ရှိလာပြီး လှည့်လည်၍ ဆန္ဒပြကြသည်။ ထို့ပြင် မဟာဗန္ဓုလပန်းခြံလမ်း၊ ၃၄လမ်း၊ ၃၃ လမ်း၊ ပန်းဆိုးတန်းလမ်းထိပ်တို့တွင်လည်း လူ ၂၀ဦးခန့်စီ စုဝေး၍ ဆန္ဒပြခဲ့ကြသည်။ 

ဆူးလေခုံးကျော်တံတားတွင် အာဏာရှင်ဆန့်ကျင်ကြောင်း ပိုစတာများ ချိတ်ဆွဲထား၍ ပြည်သူများက တံတားပေါ်နှင့် တံတားအောက်တို့တွင်လည်း အသီးသီးဆန္ဒပြခဲ့ကြသည်။ 

ဆန္ဒပြသည့် ပြည်သူများထဲမှ ထိခိုက်ဒဏ်ရာရရှိသူများကို ပြုစုပေးရန် CDM လှုပ်ရှားမှုလုပ်ဆောင်နေသော ဆရာဝန်များအပြင် ပရဟိတအဖွဲ့မျိုးစုံလည်း အသင့်ရှိနေခဲ့ကြသည်။ 

ညနေပိုင်းတွင်မူ ဆူးလေတွင် ဆန္ဒပြလူထုကိုယ်တိုင် လူစုခွဲကာ ပြန်လည်ထွက်ခွာခဲ့ကြသည်။