POST TYPE
NEWS
နေပြည်တော်တွင် ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့သော အမျိုးသမီးတစ်ဦး အပြင်းအထန်စိုးရိမ်ရသောအခြေအနေရှိ
09-Feb-2021

ရန်ကုန်၊ ဖေဖော်ဝါရီ ၉
နေပြည်တော်တွင် အာဏာသိမ်းမှုကိုကန့်ကွက်ဆန္ဒပြသည့် ပြည်သူနှစ်ဦးအပစ်ခံရ၍ တစ်ဦး၏အခြေအနေမှာ အပြင်းအထန်စိုးရိမ်ရကြောင်း နေပြည်တော်ကုတင် ၁၀၀၀ဆေးရုံထံမှ သိရသည်။
နေပြည်တော်တွင် အာဏာသိမ်းမှုကန့်ကွက်ဆန္ဒပြသည့် ပြည်သူများကို ဖေဖော်ဝါရီ ၉ရက် နေ့လည်ပိုင်းတွင် ရဲတပ်ဖွဲ့က အင်အားသုံးပစ်ခတ်ခဲ့ပြီး အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးနှစ်ဦးထိမှန်ခဲ့ပြီး အမျိုးသားတစ်ဦးမှာ ရင်ဘတ်ထုတ်ချင်းပေါက်ထိမှန်ကာ အဆုတ်ဘေးမှကျည်ထွက်သွား၍ မစိုးရိမ်ရသောအခြေအနေဖြစ်ပြီး အမျိုးသမီးမှာ ဦးခေါင်းသို့ကျည်ဆန်မှန်၍ အပြင်းအထန်ဆုံးအခြေအနေဖြင့် သတ်မှတ်ထားကြောင်း နေပြည်တော်ကုတင် ၁၀၀၀ဆေးရုံ ဆရာဝန်တစ်ဦးထံမှ သိရသည်။
“ ဦးခေါင်းထိတဲ့ကလေးမကတော့ အထူးကြပ်မတ်ကုသဆောင်ထဲမှာပေါ့ သတ်မှတ်ထားတဲ့အဆင့်က အနိမ့်ဆုံး အဆင့် ၃ အဲ့ဒါကသေလူနဲ့တူတူပဲ။ အသက်ရှုပိုက်ထည့်ပြီး အသက်ရှုစက်ရိုက်ထားတဲ့အခါကျတော့ အသက်ရှင် နေသေးတယ်ဆိုတဲ့သဘောပဲ” ဟု နေပြည်တော်ကုတင် ၁၀၀၀ဆေးရုံ ဆရာဝန်တစ်ဦးကပြောကြားသည်။
လက်ရှိအချိန်တွင် အဆိုပါလူနာနှစ်ဦးကို ကျန်းမာရေးဝန်ကြီးနှင့် နေပြည်တော်ကောင်စီတိုင်းမှူးက တပ်မတော် စစ်ဆေးရုံသို့ ပြောင်းရန်ညွှန်ကြားလျှက်ရှိပြီး အထူးကုဆရာဝန်ကြီးများက လူနာအခြေအနေစိုးရိမ်နေရသဖြင့် ပေးမပြောင်းပဲ လက်ရှိတွင် နေပြည်တော်ကုတင် ၁၀၀၀ဆေးရုံ အထူးကြပ်မတ်ကုသဆောင်တွင်ရှိနေကြောင်း ၎င်းကပြောကြားသည်။
ပြည်သူလူထုများသည် ဖေဖော်ဝါရီ ၆ရက်တွင် လမ်းပေါ်ထွက်၍ အာဏာသိမ်းမှုကိုကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ဖေဖော်ဝါရီ ၈ရက်တွင်တစ်နိုင်ငံလုံးအထွေထွေသပိတ်အဖြစ်ပြောင်းလဲသွားပြီး ဖေဖော်ဝါရီ ၈ရက်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၉ရက်တွင် နေပြည်တော်၌ ကန့်ကွက်ဆန္ဒပြသည့်ပြည်သူလူထုကို ရဲတပ်ဖွဲ့က ပထမဦးဆုံး အင်အားသုံးဖြိုခွင်းပစ်ခတ်ခဲ့သည်။
J-02
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
01-Mar-2021