News

POST TYPE

NEWS

ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေးကိရိယာ တင်သွင်းမှုဖြင့် အမှုဖွင့်၊ သမ္မတဦးဝင်းမြင့်ကို ဘေး/စီမံဥပဒေဖြင့် အရေးယူ
03-Feb-2021

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာတွင် ၎င်း၏အနီးကပ်လုံခြုံရေးအဖွဲ့ထံမှ စကားပြောစက် ၁၁ လုံး ဖမ်းမိပြီး ယင်းစက်များမှာ ခွင့်ပြုချက်မရှိဘဲ တင်သွင်းထားသည်ဟုဆိုကာ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ဒေါ်အောင်ဆန်းစုကြည်ကို  ဆက်သွယ် ရေးကိရိယာများ တင်သွင်းမှုဖြင့် အမှုဖွင့် အရေးယူထားပြီး သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း NLD ပါတီထံမှ သိရသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ယင်းဥပဒေ များဖြင့်အမှုဖွင့်ကာ ဖေဖော်ဝါရီလ ၁ ရက် နေ့မှ ၁၅ ရက်နေ့အထိ ချုပ်နှောင်ရန် ဖေဖော်ဝါရီလ ၃ နေ့တွင် ရမန်ယူထား ကြောင်း NLD ဗဟိုပြန်ကြားရေးအဖွဲ့ရုံး အဖွဲ့မှူး ဦးကြည်တိုးက ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် အတည်ပြုရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်၊ သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း၊ ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ၂၅ ဖြင့် လည်းကောင်း နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ် တရားရုံးက ခွင့်ပြုပေးခဲ့ခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့က တရားရုံးသို့ တင်ပြစာတွင် ဖော်ပြထားသည်။

အဆိုပါတင်ပြစာတွင် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ကို ဖေဖော်ဝါရီလ ၁ ရက်နေ့က ဝင်ရောက် ရှာဖွေရာတွင် ၎င်း၏ အနီးကပ်လုံခြုံရေး အဖွဲ့ထံမှ စကားပြောစက် ၁၁ လုံး ဖမ်းမိ ကြောင်း၊ ယင်းစက်များမှာ ခွင့်ပြုချက်မရှိဘဲ တင်သွင်းထားသည်ဟုဆိုကာ ဥပဒေအရ အရေးယူပေးရန် သတင်းတပ်ဖွဲ့က တရားလို လုပ်ကာ တိုင်တန်းထားခြင်းဖြစ်သည်။

အလားတူ ဦးဝင်းမြင့်အား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၀ ရက်နေ့က NLD မဲဆွယ်စည်းရုံးရေးယာဉ်တန်းကို သမ္မတဦးဝင်းမြင့်နှင့် ဇနီးဖြစ်သူ ဒေါ်ချိုချို နှင့် သမီးဖြစ်သူ ဒေါ်ဖြူဖြူသင်းတို့က ကြိုဆိုနှုတ်ဆက်ခဲ့ခြင်းမှာ ကိုဗစ်ကာလ စည်းကမ်းချက်များကို လိုက်နာခဲ့ခြင်း မရှိဟုဆိုကာ ဦးဝင်းမြင့်ကို သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် အရေးယူပေးရန် ရဲမှူး  မြင့်နိုင်က တရားလိုလုပ် တိုင်တန်းခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းယူပြီးနောက်ပိုင်းတွင် သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကို တပ်မတော်က ထိန်းသိမ်းထားပြီး နောက် ယင်းသို့ အမှုဖွင့် အရေးယူခဲ့ခြင်းလည်းဖြစ်သည်။                       

S-08