News

POST TYPE

NEWS

ရန်ကုန် မင်္ဂလာဈေး ယနေ့ ပြန်ဖွင့်မည်
31-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၃၁  

ရန်ကုန်မြို့က မင်္ဂလာတောင်ညွန့် မြို့နယ်မှာရှိတဲ့ မင်္ဂလာဈေးအပါအဝင် မင်္ဂလာဈေးသစ်၊ ရွှေပြည့်စုံဈေး၊ မင်္ဂလာ မွန်ဈေး၊ အဆင့်မြင့်မင်္ဂလာဈေး စတဲ့ ဈေးတွေ ဖေဖော်ဝါရီလ ၁ ရက်(ယနေ့) ပြန်ဖွင့်မယ်လို့ မင်္ဂလာဈေးအကျိုးဆောင် အဖွဲ့ဆီကနေ သိရပါတယ်။ 

မင်္ဂလာဈေးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်က ပြန်လည်ဖွင့်လှစ်နိုင်ဖို့ သက်ဆိုင်ရာဌာနကို တင်ပြထားပြီး နောက်ပိုင်း ကျန်းမာရေးကာကွယ်ပစ္စည်း တွေနဲ့အတူ ကိုဗစ် စည်းမျဉ်းစည်းကမ်း ချက်တွေနဲ့အညီ ဖွင့်လှစ်နိုင်ဖို့ ဈေးသူ၊ ဈေးသားကိုယ်စားလှယ်တွေက လက်မှတ် ရေးထိုး တောင်းဆိုထားတာဖြစ်တယ်လို့ လည်း သိရပါတယ်။

"ဈေးကို ပိတ်ထားတာက လေးလ နဲ့ ရက် ၂၀ ရှိနေပြီ။ အန်တီတို့က လေးကြိမ်အစည်းအဝေးထိုင်ပြီးတော့ ကိုဗစ် စည်းကမ်းကျန်းမာရေး အကာ အကွယ်တွေနဲ့ ထွက်ပါမယ်ဆိုပြီးတော့ ဈေးအကျိုးဆောင်ကိုယ်စားလှယ် တွေရယ် ဈေးအထက် ကိုယ်စားလှယ် တွေက တာဝန်ယူမှု၊ တာဝန်ခံမှု လက်မှတ် တွေ ထိုးထားရပါတယ်။ ကျန်းမာရေးနဲ့ အညီ စံပြအနေနဲ့ စည်ပင်သာယာဈေး အားလုံးထဲမှာ ပထမဆုံးဖွင့်ရတဲ့ ဈေး။ ဒီနေ့ (ဇန်နဝါရီ ၃၁) ဈေးသန့်ရှင်းရေး လုပ်နေတယ်။ မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိဖွင့်မယ်။ ဈေးပိတ်ချိန်က ဥပုသ်နေ့နဲ့ အစိုးရရုံးပိတ်ရက်ကလွဲရင် ပုံမှန်အတိုင်း ဖွင့်မယ်" လို့ မင်္ဂလာဈေး အကျိုးဆောင်နာယက ဒေါ်ညိုညိုဦးက ပြောပါတယ်။
ဒါ့အပြင် ပန်းဘဲတန်းမြို့နယ်က ဗိုလ်ချုပ်ဈေးနဲ့ သိမ်ကြီးဈေးတွေ ကိုလည်း ပြန်လည်ဖွင့်နိုင်ဖို့အတွက် တိုင်းကျန်းမာရေးအဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့က လာရောက် စစ်ဆေးမှုတွေ ပြုလုပ်သွားပြီးဖြစ်တယ် လို့ ပန်းဘဲတန်းမြို့နယ် အမှတ်(၁) တိုင်း ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောပါ တယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့က လည်း တာမွေမြို့နယ်က ယုဇနပလာဇာ ကို ကိုဗစ်စည်းကမ်းချက်နဲ့အညီ ပြန်လည် ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။

ယဉ်ပပထွန်း (VOM)