News

POST TYPE

NEWS

ရေမလို လက်သန့်ဆေးရည်များကြောင့် ကလေးငယ်များ မျက်လုံးထိခိုက်နိုင်ကြောင်း တွေ့ရှိ
25-Jan-2021


ပါရီ၊ ဇန်နဝါရီ ၂၅ 

လက်သန့်ဆေးရည်များကို ဈေးဝယ်စင်တာများ၊ ကျောင်းများ၊ အလုပ်ခွင်များနှင့် အများသုံးသွားလာရေးယာဉ်များတွင် ကျယ်ပြန့်စွာ အသုံးပြုလာကြပြီး အဆိုပါ လက်သန့်ဆေးရည်များတွင် နောက်ဆက်တွဲပြဿနာတစ်ခုရှိနေကြောင်း ပြင်သစ်နိုင်ငံတွင် ရှာတွေ့ခဲ့သော သုတေသနတစ်ခုကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးနှင့် ရင်ဆိုင်ကြုံတွေ့နေရချိန်တွင် လက်ကို အမြဲစင်ကြယ်အောင် ထားရှိရမည်မှာ အလွန်အရေးကြီးပြီး ရေနှင့်ဆပ်ပြာရရန် ခက်ခဲသောနေရာများတွင် လက်သန့်ဆေးရည်များကိုသာ အသုံးပြုကြရသည်။

သို့သော် ပြင်သစ်နိုင်ငံမှ သုတေသနပြုချက်တစ်ခုအရ ကလေးသူငယ်များ၏ မျက်လုံးထဲ လက်သန့်ဆေးရည် မတော်တဆ ဝင်သွားပါက ယင်းလက်သန့်ဆေးရည်များတွင်ပါဝင်သော ဓာတုပစ္စည်များကြောင့် မျက်လုံးထိခိုက်ဒဏ်ရာရနိုင်သည် ဟုသိရသည်။

၂၀၂၀ ပြည့်နှစ် ဧပြီလမှ ဩဂုတ်လအကြား စစ်တမ်းနှင့် ၂၀၁၉ ခုနှစ် ဧပြီလမှ ဩဂုတ်လအကြား စစ်တမ်းများကို နှိုင်းယှဉ်ကြည့်ပါက လက်သန့်ဆေးရည်များတွင်ပါဝင်သော အန္တရာယ်ရှိ ဓာတုပစ္စည်းများ မျက်လုံးနှင့်ထိတွေ့ကာ ဒဏ်ရာရခဲ့သူ ကလေးသူငယ်ဦးရေသည် ၂၀၂၀ ပြည့်နှစ်တွင် ၇ ဆ ပိုမိုများပြားနေကြောင်းကို ပြင်သစ်အဆိပ်အတောက် ထိန်းချုပ်ရေးစင်တာက ထုတ်ပြန်ခဲ့သည်။

ထိုနည်းတူစွာ ၂၀၂၀ ပြည့်နှစ် ဧပြီလမှ ဩဂုတ်လအကြားတွင် လက်သန့်ဆေးရည် မျက်လုံးထဲဝင်သဖြင့် ကလေးသူငယ် ၁၆ ဦး ပါရီမြို့ရှိ ကလေးသူငယ် မျက်စိဆေးရုံတွင် ဆေးရုံတင်ခဲ့ရပြီး ၂၀၁၉ ခုနှစ်တွင်မူ ယင်းဖြစ်စဉ်မျိုး ဝေဒနာခံစားရသည့် ကလေးသူငယ်တစ်ဦးသာရှိခဲ့သည်။

ယင်းဆေးရုံတင်ခဲ့ရသူ ကလေး ၁၆ ဦးတွင် နှစ်ဦးသည် ဝေဒနာအလွန်ပြင်းထန် ခဲ့ပြီး မျက်ကြည်လွှာ အစားထိုးခွဲစိတ် ကုသမှုခံယူခဲ့ရသည်။

အဆိုပါ ဆေးရုံတက်ခဲ့ရသူကလေးများသည် အသက် ၄ နှစ်နှင့်အောက် ကလေးများဖြစ်ပြီး ယင်းသို့ဖြစ်ရခြင်း အကြောင်းရင်းများမှာ လက်သန့်ဆေးရည် ဖျန်းဘူးများကို များသောအားဖြင့် ကလေးများ လက်လှမ်းမီနိုင်သော တစ်မီတာ (သုံးပေ) အ‌မြင့်တွင်သာ ထားကြသောကြောင့်ဖြစ်သည်ဟု ပြင်သစ်သုတေသနပညာရှင်များက သုံးသပ်ခဲ့ကြသည်။

ယင်းအမြင့်မှာ အရွယ်ရောက်ပြီးသူများအဖို့ ခါးလောက်သာရှိပြီး ကလေးသူငယ်များအတွက်ကမူ လက်လှမ်းမီသော မျက်စိကျဖွယ်အမြင့်ဖြစ်ကြောင်းကိုလည်း သုတေသီများက ပြောခဲ့ကြသည်။

အများပြည်သူ အသုံးပြုရန်ထားသည့် လက်သန့်ဆေးရည်များကြောင့်လည်း ကလေးသူငယ်များ မျက်လုံးထိခိုက်နိုင်ခြေ ပိုမိုများပြားနိုင်သည် သတိပေးခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် အများပြည်သူ သုံးလက်သန့်ဆေးရည်များကြောင့် ကလေးသူငယ် ၆၃ ဦး မျက်လုံးထိခိုက်ခဲ့ပြီး ၂၀၁၉  ခုနှစ်တွင်မူ တစ်ဦးမှမရှိခဲ့ကြောင်း ပညာရှင်များက ထုတ်ပြန်ခဲ့သည်။

လက်သန့်ဆေးရေးထက် ဆပ်ပြာနှင့်ရေကို တတ်နိုင်သမျှ ဦးစားပေးသုံးရန်၊ ကလေးငယ်များကို လက်သန့်ဆေးရည် မည်သို့သုံးရသည်ဆိုခြင်းကို သေချာသင်ပေးရန်၊ ဈေးဆိုင်ကြီးငယ်များတွင် ကလေးများအတွက် သီးသန့်ပိုနိမ့်သောနေရာ၌ လက်သန့်ဆေးရည်ဘူး ထားပေးရန်၊ လက်သန့်ဆေးရည်ဘူးများအနီးတွင် သတိပေးချက်ထားရှိရန် ပညာရှင်များက အကြံပြုထားသည်။  

F-05