News

POST TYPE

NEWS

တရုတ်ရွှေတွင်းတွင် နှစ်ပတ်ကြာ ပိတ်မိနေသူ ၁၁ ဦးကို ကယ်ဆယ်
25-Jan-2021


ဟောင်ကောင်၊ ဇန်နဝါရီ ၂၄ 

တရုတ်နိုင်ငံ အရှေ့ဘက်ရှိ ရွှေတွင်းအောက်တွင် နှစ်ပတ်ကျော်ကြာ ပိတ်မိနေသူ အလုပ်သမား ၁၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း တရုတ်သတင်းဌာနများက ဖော်ပြသည်ကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြသည်။

ရှန်တုန်ပြည်နယ် ဟူရှန်ရွှေတွင်း၌ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပေါ်ကာ ထွက်ပေါက်ပိတ်ခဲ့ပြီး အောက်တွင်ပိတ်မိနေသူစုစုပေါင်း ၂၂ ဦးကို ပြန်လည်ကယ်ဆယ်နိုင်ရန် အာဏာပိုင်များ အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိကြသည်။

ဒေသစံတော်ချိန် ဇန်နဝါရီ ၂၄ ရက်နေ့ နေ့လယ် ၁၁ နာရီ ၁၃ မိနစ်ခန့်တွင် ပထမဆုံး အလုပ်သမားတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းသည် အလွန်အားနည်းသော အခြေအနေရှိနေသည်ဟု ပြည်တွင်းသတင်းဌာန ဆင်ဟွာက ထုတ်ပြန်ခဲ့ပြီး ပြည်တွင်းရုပ်မြင်သံကြားဌာန CCTV က အဆိုပါမိုင်းတွင်း အလုပ်သမားကို ဆေးရုံတင်ပို့ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

နောက်ထပ် အလုပ်သမား ၁၀ ဦးကို ပထမဆုံးကယ်နိုင်သူရှိနေခဲ့သည့်နေရာထက် ပိုနက်သောနေရာမှ ဆွဲတင်ကယ်ဆယ်နိုင်ခဲ့ပြီး ယင်းတို့အနက်မှ တစ်ဦးမှာ ဒဏ်ရာရရှိထားသည်ဟု သိရသည်။

ပြည်တွင်းသတင်းဌာနများ၏ ထုတ်ပြန်ချက်များအရ မိုင်းတွင်းအလုပ်သမားတစ်ဦး သေဆုံးခဲ့ဖွယ်ရှိပြီး ကျန် ၁၀ ဦး၏ အခြေအနေကိုလည်း မသိရသေးပေ။

ကယ်ဆယ်ရေးလုပ်သားများသည် အဆိုပါမိုင်းတွင်း၏ မီတာ ၆၀ဝ (၁၉၆၉ ပေ) နက်သော အခန်းအတွင်းသို့ လမ်းကြောင်းတစ်ခု တူးဖောက်ကာ တယ်လီဖုန်း လိုင်းတစ်ခု ဆက်သွယ်လိုက်ခဲ့ပြီးနောက်တွင် ယင်းအခန်းအတွင်း ပိတ်မိနေသူ ၁၀ ဦး နှင့် အဆက်အသွယ်ရရှိခဲ့သည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။ 

ယခု ကယ်ဆယ်ထားသူများထဲတွင် အဆိုပါအခန်းအတွင်း ပိတ်မိနေသူများ ပါ၊ မပါကို အတိအကျ မသိရသေးပေ။

မြေပြင်မှ ၂၄၀ မီတာ (ပေ ၈၀ဝ) နက်သော ယင်းမိုင်းတွင်း၏ အဝင်ဝတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ပြီးနောက် ပိတ်မိ နေသူများကို ကယ်ဆယ်နိုင်ရန် အပြင်းအထန် ကြိုးစားနေကြသည်။

သို့သော် မိုင်းတွင်းအလုပ်သမားများ အပေါ်တွင် ပိတ်ဆို့နေသော တန် ၇၀ အလေး ချိန်ရှိ မြေကြီးအဆိုင်အခဲများကို ဖောက် ထွင်းတူးထုတ်ရန် အနည်းဆုံး ၁၅ ရက်နီးပါး ကြာမြင့်မည်ဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

F-05