POST TYPE
NEWS
ရန်ကုန်ရှိ ဈေးများအားလုံး ရက်ပိုင်းအတွင်း ပြန်ဖွင့်မည်
25-Jan-2021

ရန်ကုန်၊ ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးများအားလုံးကို ရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဒေါ်သန်းမြင့်အောင်က ပြောကြားသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရသော ရန်ကုန်တိုင်းဒေသကြီး၊ မြို့တော်စည်ပင်သာယာလက်အောက်မှ ဈေးများအားလုံးကို ရက်ပိုင်းအတွင်း ပြန်လည်ဖွင့်မည်ဖြစ်ပြီး ပန်းခြံများကို လူများဝင်ရောက်မှုအပေါ်မူတည်ပြီး ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ဒေါ်သန်းမြင့်အောင်က ဆိုသည်။
"ဘယ်အချိန်တွေဖွင့်မလဲဆိုတာတော့ အရင် ၆ နာရီပိတ်တဲ့ဈေးက ၅ နာရီ ဖြစ်ကောင်းဖြစ်မယ်။ အဲဒီလိုဖွင့်မယ်ဆိုရင် ကျွန်မတို့က ရန်ကုန်တိုင်းကျန်းမာရေးကို တင်ရတယ်။ သူတို့ကလည်း နေပြည်တော်ကို ပြန်တင်ရတာမျိုးတွေရှိတော့ သေချာတော့မသိသေးဘူး။ ဈေးတွေကတော့ ရက်ပိုင်းအတွင်းပြန်ဖွင့်မှာပါ"ဟု ဒေါ်သန်းမြင့်အောင်က ပြောဆိုသည်။
လက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီလက်အောက်ရှိ ဈေးကြီးများကို ပိတ်ထားသော်လည်း အခြေခံစားသောက်ကုန်များရောင်းချနေသည့် ဈေးများကို အားလုံးပြန်လည် ဖွင့်လှစ်ထားရှိကာ ရန်ကုန်မြို့ရှိ အင်းလျားကန်ပေါင်နှင့် ပန်းခြံများကို အချိန်ပိုင်းအဖြစ် ပြန်လည်ဖွင့်လှစ် ဝင်ရောက်ခွင့်ပေးထားသည်။
ဈေးများကို ပြန်လည်ဖွင့်လှစ်ရာတွင် တစ်ဦးနှင့်တစ်ဦး ခြောက်ပေကွာခြားပြီး ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ရန် ခက်ခဲသည့်အတွက် ရောဂါကာကွယ်ရေး နည်းလမ်းများဖြင့်သာ ဈေးများပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့်လည်း ရောဂါကာကွယ်ရေးနည်းများကို တိကျစွာ လိုက်နာရန်လိုအပ်မည်ဖြစ်ကြောင်း ဒေါ်သန်းမြင့်အောင် က သတိပေးပြောဆိုထားသည်။
လက်ရှိတွင် ဖွင့်လှစ်လျက်ရှိသည့် ဈေးဝယ်စင်တာများ၊ ရှော့ပင်းမောလ်များသည် ကုမ္ပဏီများကပိုင်ဆိုင်ပြီး ယင်းတို့နှင့်သက်ဆိုင်သည့် ဌာနခွင့်ပြုချက်များဖြင့်သာ ဖွင့်လှစ်နေခြင်းဖြစ်ပြီး စည်ပင်သာယာလက်အောက်တွင် မရှိပေ။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးလက်အောက်တွင် ဈေးပေါင်း ၁၈၄ ဈေးရှိပြီး ပန်းခြံ ၁၆၁ ခု၊ ကလေးကစားကွင်း ၁၆၁ ခုရှိနေသည်။
S-09
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
01-Mar-2021