News

POST TYPE

NEWS

ဖမ်းဆီးခံ အတိုက်အခံခေါင်းဆောင် ထောက်ခံသူများ ရုရှားတွင် ဆန္ဒပြ၊ လူ ၃၀ဝ၀ ကျော်ဖမ်းဆီးခံရ
24-Jan-2021


မော်စကို၊ ဇန်နဝါရီ ၂၄

ရုရှားတွင် ဖမ်းဆီးခံထားရသော အတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်လ်နီကို ထောက်ခံအားပေးသူများ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး လူဦးရေ ၃၀ဝ၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း စောင့်ကြည့်လေ့လာသူများ၏ ပြောကြားချက်ကို ကိုးကား၍ BBC သတင်းဌာနက ဖော်ပြသည်။

သမ္မတ ဗလာဒီမာပူတင်ကို ဆန့်ကျင်ဆန္ဒပြသော အကြီးမားဆုံးစုဝေးပွဲကြီးတွင် လူဦးရေပေါင်းသောင်းချီ စုဝေးခဲ့ကြသည်။

လုံထိန်းရဲများက ဆန္ဒပြသူများကို ရိုက်နှက်ဆွဲခေါ်သွားကြသည့် မြင်ကွင်းများကို ရုရှားနိုင်ငံမြို့တော် မော်စကိုတွင် မြင်တွေ့ခဲ့ကြသည်။

အတိုက်အခံခေါင်းဆောင် မစ္စတာနာဗယ်လ်နီသည် သမ္မတဗလာဒီမာပူတင် ဂရုပြုအာရုံစိုက်ခံရသော အတိုက်အခံဝေဖန်ရေးသမားတစ်ဦးဖြစ်သည်။ လွန်ခဲ့သော အပတ်က နာဗယ်လ်နီ ဖမ်းဆီးခံရပြီးနောက် ထောက်ခံသူများ ဆန္ဒပြကြရန် လှုံ့ဆော်ခဲ့သည်။

ယမန်နှစ် ဩဂုတ်လတွင် နာဗယ်လ်နီကို အာရုံကြောထိခိုက်စေသော အဆိပ်ဖြင့် လုပ်ကြံတိုက်ခိုက်ခံခဲ့ရပြီး သေလုနီးပါးဖြစ်ကာ ဂျာမနီတွင် ကုသမှုခံယူပြီးနောက် ဂျာမနီမှနေ၍ မော်စကိုသို့ ပြန်လာစဉ်အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

နာဗယ်လ်နီ မော်စကိုသို့ ရောက်ရောက်ချင်းပင် ရဲများက ထိန်းသိမ်းခဲ့ပြီး ဆိုင်းငံ့ထောင်ဒဏ်ချိုးဖောက်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။ အဆိုပါ အမှုသည်လည်း ၎င်းကိုဖမ်းဆီး နှုတ်ပိတ်ထားနိုင်ရန် သက်သက်သာ ပြုလုပ်ထားသော အမှုဖြစ်သည်ဟု နာဗယ်လ်နီက ပြောခဲ့သည်။

ဆန္ဒပြသူ ဦးရေ ၄၀,ဝဝဝ ထက်မနည်း မော်စကို မြို့ဆန္ဒပြပွဲနေရာတွင် စုဝေးခဲ့ကြသည်ဟု ရိုက်တာသတင်းဌာနက ခန့်မှန်းခဲ့သည်။ သို့သော် ရုရှားပြည်ထဲ ရေးဝန်ကြီးဌာနက ဆန္ဒပြသူဦးရေသည် ၄၀ဝ၀ နီးပါးသာရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

မော်စကို မြို့လယ်ရှိ ပွတ်ရှ်ကင် စကွဲတွင် စုဝေးကြသူများသည် 'နာဗယ်လ်နီကို လွတ်လပ်ခွင့်ပေး' 'ပူတင်ထွက်သွား' ဟု အော်ဟစ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒပြပွဲမှာပါဝင်ရန် ဆုံးဖြတ်လိုက်ရခြင်းမှာ "ရုရှားနိုင်ငံသည် အကျဉ်းထောင်ကြီးတစ်ခုအဖြစ် ပြောင်းလဲနေသောကြောင့်" ဟု အမျိုးသမီးတစ်ဦးက BBC သတင်းဌာနကို ပြောခဲ့သည်။

F-05