News

POST TYPE

NEWS

ပလိပ်တွင် Semi Lockdown သတ်မှတ်ပြီးနောက် ပိုးတွေ့လူနာ နှစ်ရက်ဆက်တိုက်ရှိ
24-Jan-2021


မန္တလေး၊ ဇန်နဝါရီ ၂၄

ပလိပ်မြို့ကို Semi Lockdown ထပ်မံသတ်မှတ်လိုက်ပြီးနောက် နှစ်ရက်ဆက်တိုက် ကိုဗစ်ပိုးတွေ့လူနာများ တွေ့ရှိခဲ့ကြောင်း ပလိပ်အုပ်စု ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ယင်းကိုဗစ်ပိုးတွေ့သူနှစ်ဦးမှာ ဇန်နဝါရီ ၂၃ ရက်နေ့က အနံ့ပျောက်အမျိုးသားလူနာတစ်ဦးနှင့် ဇန်နဝါရီ ၂၄ ရက်နေ့က Quarantine စင်တာတွင် အသွားအလာကန့်သတ်ထားသူတစ်ဦးတို့ဖြစ်သည်ဟု ယင်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စည်းကမ်းလိုက်နာမှုနည်းနေခြင်းကြောင့် ပိုးတွေ့လူနာများဆက်တိုက်တိုးနေခြင်းဖြစ်ရာ စည်းကမ်းမလိုက်နာသူများကို ထိရောက်စွာအရေးယူသင့်ကြောင်း ပလိပ်မြို့ခံများက ပြောဆိုနေကြသည်။

ပလိပ်မြို့တွင် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၉ ရက်နေ့မှ ယခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၉၂ ဦးရှိကြောင်း၊ ထို့အပြင် ပလိပ်အထက Quarantine စင်တာတွင်လည်း အသွားအလာကန့်သတ်ထားသူ ၈၀ ဝန်းကျင်ရှိနေကြောင်း We Love Paleik အဖွဲ့ထံမှသိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့မှုအများဆုံးဖြစ်သော ပလိပ်၊ ဆီဆုံ၊ ဗျင်းညားလော၊ ညောင်ပင်ကြီး၊ တောမကျေးရွာတို့ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၆ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့အထိ Stay at Home သတ်မှတ်ခဲ့ဖူးပြီး ယခု ပလိပ်မြို့ကို ဇန်နဝါရီလ ၂၂ ရက်နေ့မှ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ Stay at Home ထပ်မံသတ်မှတ်ကာ စည်းကမ်း တင်းကျပ်မှုများပြုလုပ်ထားသည်။

S-02