News

POST TYPE

NEWS

ရန်ကုန်တွင် သမ္မတနှင့် ရွေးကောက်ပွဲကော်မရှင်ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်
24-Jan-2021
နိုင်ငံတော်သမ္မတ၊ ရွေးကောက်ပွဲကော်မရှင်နှင့် တတိယအကြိမ်လွှတ်တော်ခေါ်ယူခြင်းကြိုဆိုထောက်ခံပွဲကို ဇန်နဝါရီလ ၂၄ ရက်နေ့က ရန်ကုန်မြို့လယ်တွင် ပြုလုပ်ခဲ့စဉ်

ရန်ကုန်၊ ဇန်နဝါရီ ၂၄

သမ္မတနှင့် ရွေးကောက်ပွဲကော်မရှင်ကိုထောက်ခံကြောင်း နိုင်ငံရေးတက်ြွကလှုပ်ရှားသူများဦးဆောင်၍ လူ ၃၀ ခန့်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ထောက်ခံဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အဆိုပါထောက်ခံပွဲကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ဦးဆောင်၍ ပြည်သူများပါဝင်ပြီး ကိုဗစ်စည်းကမ်းချက်နှင့်အညီ လူဦးရေ ၃၀ ခန့်က ဇန်နဝါရီ ၂၄ ရက်နေ့လယ်ပိုင်းတွင် ကမ်းနားလမ်းမှ ချီတက်၍ ဆူးလေဘုရားပတ်ကာ ထောက်ခံဆန္ဒဖော်ထုတ်ခဲ့ပြီးနောက် မဟာဗန္ဓုလပန်းခြံရှေ့တွင် ဟောပြောခဲ့ကြသည်။

ထို့အပြင် သမ္မတနှင့်ရွေးကောက်ပွဲကော်မရှင်ကို ထောက်ခံခြင်း၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ရှင်သန်ရေး၊ တိုင်းပြည်ကောင်းကျိုးပေါ်ပေါက်ရေး စသည့် ကြွေးကြော်သံများနှင့် ထောက်ခံဆန္ဒပြခဲ့ကြသည်။

မဲရုံများတွင် မဲမသမာမှုများမရှိဘဲ လုပ်အားပေးဆောင်ရွက်ခဲ့သော ဆရာမများ၊ ပြည်သူများ၊ ရပ်မိရပ်ဖများရှိပြီး မဲစာရင်းစစ်ရာတွင်လည်း နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များအရှေ့တွင်စစ်ခြင်းဖြစ်ပြီး မှန်ကန်မှုရှိပြီဆိုပါက ပုံစံ ၁၆ ကို လက်မှတ်ရေးထိုး၍ မဲရုံကို ချိပ်ပိတ်ခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူများက ပြောကြားသည်။

ယခုထောက်ခံပွဲသည် ရွေးကောက်ပွဲကော်မရှင်ကိုကန့်ကွက်နေသည့် ဆန္ဒပြပွဲများကို တန်ပြန်လုပ်ဆောင်ခြင်းမဟုတ်ဘဲ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်ခြင်းမျိုးမရှိသလို မည်သည့်အဖွဲ့အစည်း၏ညွှန်ကြားချက်အရ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း အဆိုပါထောက်ခံပွဲကို ဦးဆောင်သူ ဦးအောင်ကျော်က ရှင်းပြသည်။

"ကျွန်တော်က ဘယ်ပါတီဝင်မှာ မဟုတ်ပါဘူး။ အခုလည်း ဒေါ်လေးလေး(နိုင်ငံရေးတက်ကြွလှုပ်ရှားသူ)နဲ့ ကျွန်တော်နဲ့ ဦးဆောင်ပြီးလုပ်တာပါ။ ICJ တုန်းကလည်း ဦးဆောင်ပြီးလုပ်ခဲ့တယ်။ နောက်ထပ်လုပ်မယ် မလုပ်ဘူးဆိုတာ အခြေအနေတွေပေါ်မှာမူတည်ပြီး လုပ်သင့်လုပ်ထိုက်ရင်လုပ်မှာပါ" ဟု ၎င်းကပြောသည်။

လက်ရှိအခြေအနေတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များကို ကျေနပ်မှုမရှိသောကြောင့် ပြည်နယ်နှင့် တိုင်းအသီးသီးတွင် ရွေးကောက်ပွဲကော်မရှင် ဖျက်သိမ်းပေးရေးနှင့် အသစ်ပြန်လည်ဖွဲ့စည်းပေးရန် တောင်းဆိုဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိသည်။

J-02