News

POST TYPE

NEWS

ထရမ့်၏ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် ထိပ်တန်းအမေရိကန်အရာရှိကြီးများကို တရုတ်နိုင်ငံ ဒဏ်ခတ်အရေးယူ
22-Jan-2021


ဝါရှင်တန်-ဘေဂျင်း၊ ဇန်နဝါရီ ၂၁

သမ္မတဟောင်း ဒေါ်နယ်ထရမ့် ဦးဆောင်သော အစိုးရအဖွဲ့မှ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုအပါအဝင် ထိပ်တန်းအရာရှိဟောင်း ၃၀ ကျော်ကို တရုတ်နိုင်ငံက ဒဏ်ခတ်အရေးယူလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဂျိုးဘိုင်ဒင်တို့ အစိုးရသစ်အဖွဲ့ အာဏာလွှဲပြောင်းရယူလိုက်ခြင်းကြောင့် ထရမ့်အုပ်ချုပ်ရေးအဖွဲ့ရာထူးမှတရားဝင် နုတ်ထွက်ပေးလိုက်ပြီးနောက် အချိန်ပိုင်းအတွင်း တရုတ်အစိုးရက ၎င်းတို့ကို ဒဏ်ခတ်အရေးယူလိုက်ခြင်းလည်းဖြစ်သည်။ 

ဂျိုးဘိုင်ဒင်က ၄၆ ဦးမြောက် အမေရိကန်ပြည်ထောင်စုသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် မိနစ်ပိုင်းအကြာတွင် ထွက်ပေါ်လာသော တရုတ်နိုင်ငံ၏ ကြေညာချက်တွင် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို၊ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ရောဘတ်အိုဘရိန်းနှင့် ကုလသမဂ္ဂသံအမတ်ကယ်လီခရတ်ဖ်တို့ အပါအဝင်ထရမ့်အုပ်ချုပ်ရေးအဖွဲ့ဝင် ထိပ်တန်းအရာရှိ ၃၀ ကျော်ကို တရုတ် ပြည်သို့ခရီးသွားလာခွင့်နှင့် စီးပွားရေးပြုလုပ်ခွင့်တို့ ကန့်သတ်ပိတ်ပင်ကြောင်း ဖော်ပြထားသည်။ 

ဒေါ်နယ်ထရမ့်၏ အာရှဒေသဆိုင်ရာထိပ်တန်းသံတမန် ပီတာနာဗာရို၊ ကျန်းမာရေးဝန်ကြီး ဒေးဗစ်စတီးဝဲလ်၊ ယခင် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျွန်ဘိုလ်တန်တို့ကိုလည်း တရုတ်ပြည်က ဒဏ်ခတ်အရေးယူလိုက်သည်။ 

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း တရုတ်ပြည်ဆန့်ကျင်ရေးဝါဒီ အမေရိကန်နိုင်ငံရေးသမားအချို့သည် တရုတ်ပြည်အပေါ် ရန်ငြှိးထားခဲ့သလို တရုတ်နှင့် အမေရိကန်ပြည်သူများ၏ အကျိုးစီးပွားကို ငဲ့ကွက်ခဲ့ခြင်းသော လုပ်ဆောင်ချက်များကို ပြုလုပ်ခဲ့ကြောင်း၊ တရုတ် ပြည်၏ ပြည်တွင်းရေးကိုလည်း ဝင်ရောက်စွက်ဖက်ခဲ့သလို တရုတ်-အမေရိကန် ဆက်ဆံရေး ဆိုးဆိုးရွားရွားထိခိုက်အောင် လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက တရုတ်နိုင်ငံသည် အူဂါမွတ်ဆလင်များအပေါ် လူမျိုးဖြုတ်ရှင်းလင်းမှုများကျူးလွန်ခဲ့သည်ဟု စွပ်စွဲချက်ထုတ်ပြန်ခဲ့သည်။ 

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သူ ဂျိုးဘိုင်ဒင်သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုမီတစ်ရက်အလိုတွင် ဒေါ်နယ်ထရမ့်အုပ်ချုပ်ရေးအဖွဲ့က တရုတ်ပြည်ကို ယင်းသို့စွပ်စွဲပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိနိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကမူ "အဲဒီ လူမျိုးဖြုတ်ရှင်းလင်းမှုကြီး ဖြစ်ပေါ်နေတယ်လို့ကျွန်တော်ယုံကြည်တယ်။ ကွန်မြူနစ်ပါတီဦးဆောင်သည့်တရုတ်နိုင်ငံတော်က အူဂါမွတ်ဆလင်တွေကို စနစ်တကျရှင်းလင်းနေတယ်ဆိုတာ ကျွန်တော်မျက်မြင်ကြုံတွေ့ နေရပါတယ်" ဟု မိုက်ပွန်ပီယိုက ပြောကြားသည်။ 

အူဂါမွတ်ဆလင်များနှင့် ပတ်သက်သည့် အမေရိကန်ပြည်ထောင်စု၏ ကြေညာချက်သည် တရုတ်နိုင်ငံအပေါ် ဖိအားပေးသည့် သဘောမျိုးဖြစ်သော်လည်း ဒဏ်ခတ်အရေးယူမည်ဆိုသော အကြောင်းကိစ္စများ မပါဝင်ခဲ့ပေ။       

F-01