News

POST TYPE

NEWS

ကျောက်ဆည်ခရိုင်တွင် ကိုဗစ်ရောဂါဖြင့် သေဆုံးသူ ရှစ်ဦးရှိ
22-Jan-2021
မန္တလေး၊ ဇန်နဝါရီ ၂၁

ကျောက်ဆည်ခရိုင်တွင် ကိုဗစ်ပိုးတွေ့ရှိမှုမှာ ၇၂၆ ဦးရှိနေပြီး ဇန်နဝါရီလ ၂၁ ရက်နေ့က တစ်ဦးထပ်မံသေဆုံးခဲ့သည့်အတွက် သေဆုံးသူ ရှစ်ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

တံတားဦးမြို့နယ် အေးကြည်ကုန်းရွာမှ အသက် ၈၇ နှစ် အမျိုးသားလူနာသည် ဖျားခြင်း၊ မောခြင်း စသည့်လက္ခဏာများဖြင့် ဆေးရုံသို့ ဇန်နဝါရီလ ၁၁ ရက်နေ့က လာရောက်ပြသရာ ကိုဗစ်စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ဆေးရုံတင်ကုသခဲ့ကြောင်း၊ ယင်းလူနာကို ဇန်နဝါရီလ ၁၂ ရက်နေ့က RDT ဖြင့်စစ်ရာ ပိုးမတွေ့ Negative အဖြေပြပြီး မောခြင်း၊ သွေးတွင်းအောက်ဆီဂျင် ကျဆင်းခြင်းတို့ကြောင့် ၁၅ ရက်နေ့တွင် ဓာတ်ခွဲနမူနာ PCR ပေးပို့ စစ်ဆေးခဲ့ရာ ပေါ့စတစ်အဖြေထွက်သည့်အတွက် သီးသန့် ကြပ်မတ်ကုသဆောင်တွင် အောက်ဆီဂျင်ပေး၍ ကုသရေးသီးသန့်အဖွဲ့ဖြင့် ၂၄ နာရီ ပတ်လုံးကြပ်မတ်ကုသပေးခဲ့ကြသော်လည်း ဇန်နဝါရီလ ၂၁ ရက် နံနက်အစောပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း ကျောက်ဆည်ဆေးရုံ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျောက်ဆည်ဆေးရုံတွင် ကိုဗစ်လူနာပေါင်း ၂၅၉ ဦးအထိ တက်ရောက်ကုသခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကာ ဆေးရုံဆင်းလူနာ ၂၀၅ ဦးရှိသည့်အတွက် လက်ရှိတွင် ကုသနေဆဲလူနာ ၅၂ ဦး ရှိကြောင်း ကျောက်ဆည်ဆေးရုံထံမှ သိရသည်။

COVID-19 သည် ငယ်ရွယ်သူ၊ ကိုယ်ခံအားကောင်းသူ၊ အခြားရောဂါ အခံမရှိသူများအတွက် အသက်သေဆုံးသည်အထိ အန္တရာယ်မရှိဟု ယေဘုယျယူဆနိုင်သော်လည်း နောက်ဆက်တွဲ ဆိုးကျိုးရလဒ်များရှိနိုင်ပြီး အသက်ကြီးသူ၊ ရောဂါအခံရှိသူများတွင် သေဆုံးသည်အထိ အန္တရာယ်ပေးကြောင်း၊ ထို့ကြောင့် သက်ကြီးရွယ်အိုရှိသူများ၊ နာတာရှည်ရောဂါအခံရှိသူများ အနေအထိုင်၊ အသွားအလာ အထူးဂရုစိုက်ရန်လိုကြောင်း ကျောက်ဆည်ဆေးရုံမှတာဝန်ရှိသူများက အသိပေးထားသည်။ 

S-02