News

POST TYPE

NEWS

နေပြည်တော်တွင် စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာဈေးကွက်ဗဟိုဌာန စတင်တည်ဆောက်
22-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၂၁

စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာန အဆောက်အအုံ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ညဈေးအနီးရှိ သတ်မှတ်မြေနေရာတွင် Covid-19 ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီပြုလုပ်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။ 

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa ၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) မှ ဌာနေကိုယ်စားလှယ် Ms. Lee Youn Soo နှင့်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြပြီး စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟို ဌာနအဆောက်အအုံပန္နက်တင် အခမ်းအနားဆောင်ရွက်ကြသည်။

မြန်မာနိုင်ငံ စီးပွားရေးကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွင် စိုက်ပျိုးသီးနှံထုတ်လုပ်ရေးကဏ္ဍသည် အဓိကအရေးပါလျက်ရှိပြီး နေ့စဉ်စားသုံးမှု အတွက် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးကောင်းမွန်ပြီး အာဟာရတန်ဖိုးမြင့်မားရေး၊ ပြည်တွင်းဖူလုံစွာ စားသုံးနိုင်ရေးနှင့် နိုင်ငံခြားဈေးကွက်သို့ အဆင့်အတန်းမီ တင်ပို့နိုင်ရေးတို့အတွက် များစွာအရေးပါလျက်ရှိကြောင်း၊ စိုက်ပျိုးထုတ်ကုန်များ လေလွင့် ဆုံးရှုံးမှုများပြားနေခြင်းကိုလျှော့ချနိုင်ရေးအတွက် နည်းပညာဆိုင်ရာပြုပြင် ပြောင်းလဲရန် လိုအပ်လာသည့်နည်းတူ မြန်မာနိုင်ငံ စိုက်ပျိုးရေးဆိုင်ရာဈေးကွက် စနစ်တိုးတက်လာစေရေး၊ တောင်သူအိမ်ထောင်စုများ လူမှုစီးပွားဘဝ တိုးတက်ရေးတို့အတွက် ယခုကဲ့သို့ စိုက်ပျိုးရေးဆိုင်ရာ ဈေးကွက်ဌာနနှင့် ထုတ်ကုန်ပြုပြင်ရေးဌာန တည်ဆောက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

ယင်းအတွက် ထုတ်လုပ်သူနှင့် စားသုံးသူနှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး အစိုးရ၊ ပုဂ္ဂလိက၊ ထုတ်လုပ်သူတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည့်အတွက် နိုင်ငံတကာဈေးကွက်နှင့် ယှဉ်ပြိုင်နိုင်မည့် အခွင့်အလမ်းများနှင့် ဒေသနေတောင်သူလယ်သမားများ၏အကျိုး စီးပွားကိုများစွာအထောက်အကူဖြစ်စေရန် မျှော်မှန်းကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးထွက် ကုန်ဆိုင်ရာဈေးကွက်ဗဟိုဌာနတည် ထောင်ခြင်းစီမံကိန်းကို ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ပူးပေါင်း ၍ ကိုရီးယားနိုင်ငံ၏ အကူအညီ အမေရိကန်ဒေါ်လာ ၈ ဒသမ ၃၇ သန်းဖြင့် ၂၀၁၈ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး အဆိုပါစီမံကိန်းကို စိုက်ပျိုးထုတ်လုပ်သူ နှင့် စားသုံးသူနှစ်ဦးနှစ်ဖက် အကျိုးစီးပွား ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် စိုက်ပျိုးရေးထွက် ကုန်ဆိုင်ရာဈေးကွက်ဗဟိုဌာနကိုလည်းကောင်း၊ ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့နယ်တွင် စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်ပြုပြင်ရေး ဌာနကိုလည်းကောင်း တည်ဆောက်သွားမည်ဖြစ်သည်။

အဆိုပါစီမံကိန်းပြီးစီးပါက ထုတ်လုပ်သူတောင်သူများအတွက် စိုက်ပျိုးထွက်ကုန်များ၏ ဈေးကွက်သတင်းအချက်အလက်များရရှိစေခြင်းဖြင့် ဈေးကွက်တည်ငြိမ်မှု အခြေအနေများဖန်တီးပေးနိုင်မည်ဖြစ်ကာ အဆင့်မြင့်ရိတ်သိမ်းချိန်လွန်နည်းပညာများ၊ ထုတ်ကုန်စံချိန် စံညွှန်းများ၊ အစားအစာဘေးကင်းလုံခြုံမှု စစ်ဆေးခြင်းများဆောင်ရွက်နိုင်ခြင်းဖြင့် စားသုံးသူများအနေဖြင့်လည်း အရည်အသွေးကောင်း၍ ဘေးကင်းလုံခြုံသော စိုက်ပျိုးရေးထွက်ကုန်များကို လက်လမ်းမီရရှိနိုင်မည်ဖြစ်သည်။

အဓိကစိုက်ပျိုးရေးထုတ်လုပ်သည့် နေရာများတွင် ထုတ်ကုန်များတန်ဖိုးမြှင့် တင်ခြင်းဖြင့် ကနဦး စိုက်ပျိုးထုတ်လုပ် သူအဆင့်မှာပင် စိုက်ပျိုးရေးထွက်ကုန် ဈေးကွက်ကို တိုးတက်လာစေရန်ရည်ရွယ်၍ ယခုတည်ဆောက်မည့် နေပြည်တော်စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာဈေးကွက် ဗဟိုဌာနနှင့် ဟဲဟိုးမြို့တွင် ဆောင်ရွက်မည့် စိုက်ပျိုးရေးဆိုင်ရာထုတ်ကုန်ပြုပြင်ရေးဌာန (Agricultural Product Processing Center- APPC) များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ယင်းဌာနများက စိုက်ပျိုး ရေးထုတ်ကုန်များ အုပ်စုခွဲခြင်း၊ ထုပ်ပိုးခြင်း၊ အဆင့်အတန်းခွဲခြားခြင်း၊ စံသတ်မှတ်ခြင်း၊ ကုန်အမှတ်တံဆိပ်သတ်မှတ်ခြင်း၊ အအေးခန်းသိုလှောင်ခြင်းနှင့် ထုတ်ကုန်ပြုပြင်သည့်လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြောကြားသည်။

ထို့ပြင် တောင်သူအဖွဲ့အစည်းများ ပိုမိုအားကောင်းလာစေခြင်းဖြင့် တောင်သူလယ်သမားများကိုယ်တိုင် သီးနှံဈေးနှုန်းညှိနှိုင်းနိုင်ကြမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ စနစ်တကျဖြင့်အရှိန်အဟုန် ကောင်းစွာအောင်မြင်လာစေရန် စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့်  စည်ပင်သာယာဈေးများဌာနတို့ပူးပေါင်း၍ နည်းပညာ၊ အရင်းအနှီး၊ ဈေးကွက်ပေါင်းစပ်ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဈေးကွက်ဌာနများမှတစ်ဆင့် ဈေးကွက်သတင်းအချက်အလက်ပံ့ပိုးခြင်း၊ ထုတ်လုပ်သူ တောင်သူအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များပိုမိုအားကောင်းလာခြင်း၊ ထုတ်ကုန်များ စံချိန်စံညွှန်းနှင့် ပြည့်မီလာခြင်း၊ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ခြင်းတို့အပြင် အအေးခန်း သိုလှောင်နိုင်ခြင်းကဲ့သို့ အခြေခံအဆောက်အဦဆိုင်ရာလုပ်ငန်းများ ပိုမိုအားဖြည့်ပေးနိုင်ခြင်းတို့ကြောင့် ယုံကြည်စိတ်ချရသော စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်နိုင်သည့်စနစ်များ ဖွံ့ဖြိုးလာပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်မှုမဟာဗျူဟာ (ADS) ၏ မျှော်မှန်းရလဒ်များ ရရှိနိုင်ရန်အတွက်ကိုလည်း ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။          

S-07