News

POST TYPE

NEWS

တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသာဖြစ်မည်ဟု ဒေါက်တာဇော်မြင့်မောင်ဆို
22-Jan-2021


မန္တလေး၊ ဇန်နဝါရီ ၂၁

မြန်မာနိုင်ငံ၏ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေးအပ်ထားချက်အရ တိုင်းနှင့်ပြည်နယ်များတွင် အစိုးရဖွဲ့မည်ဆိုလျှင် ဝန်ကြီးချုပ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသာ ဖြစ်ဖို့များကြောင်း ဒေါက်တာဇော်မြင့်မောင်က အတည်ပြုပြောကြားသည်။

မန္တလေးမြို့ ၃၁ လမ်း၊ လမ်း ၇၀ နှင့် ၇၁ လမ်းကြားရှိ မြန်မာနိုင်ငံဆရာဝန်များ အသင်းရုံး (မန္တလေး)တွင် ဇန်နဝါရီ ၂၁ ရက်က ကျင်းပခဲ့သော Fever Clinic တွင် တာဝန်ထမ်းဆောင်ခဲ့သော ကျန်းမာရေးဝန်ထမ်းများ ဂုဏ်ပြုပွဲသို့ တက်ရောက်ခဲ့ရာ၌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

"အခြေခံဥပဒေပေးထားချက် ကိုယ်တိုင်က ဝန်ကြီးချုပ်ဆိုတာ အစိုးရဖွဲ့ ခွင့်ရတဲ့သူကပေးတာ၊ ဘာပဲပြောပြော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နိုင်လို့ အစိုးရဖွဲ့မယ်ဆိုရင် ဝန်ကြီးချုပ်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ ဖြစ်ဖို့များပါတယ်၊ အရင်တုန်းကလည်း ဒီအတိုင်းပါပဲ၊ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားချက်ကို ကျွန်တော်တို့ဇွတ်ယူတာမှ မဟုတ်ဘဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ ဖြစ်ဖို့များပါတယ်" ဟု ၎င်းက ပြောဆိုသည်။

ထို့အပြင် ပြည်နယ်များရှိ ဒေသခံတိုင်းရင်းသားပါတီများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ တွေ့ဆုံမှုခရီးစဉ်သည်လည်း အောင်မြင်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌတာဝန်ယူထားသူ ၎င်းကထပ်မံပြောကြားသည်။ 

"ဘာပဲပြောပြော ဒီခရီးစဉ်က ကမ်းလိုက်တဲ့ဟာ အောင်မြင်တယ်လို့ပြောနိုင်တယ်။ ရှမ်းက ကောင်းကောင်းကြိုဆိုတယ်။ ကချင်က ကောင်းကောင်းကြိုဆိုတယ်။ ပူးပေါင်းဆောင်ရွက်တယ်ပေါ့။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအတွက် ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ တိုင်းပြည်အတွက်ကောင်းတဲ့လက္ခဏာ" ဟု ၎င်းက ထပ်မံပြောဆိုသည်။ 

ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆန်တို့ ပါဝင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ကိုယ်စားလှယ်များသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီး၌ ပြည်နယ်များရှိ အနိုင်ရကိုယ်စားလှယ်များ၊ ဒေသခံတိုင်းရင်းသားပါတီတို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည်။

ကယားနှင့် မွန်ပြည်နယ်ခရီးစဉ်တို့တွင် အခက်အခဲရှိခဲ့သော်လည်း ဆွေးနွေးချက်အချို့ကို ပြန်လည်ပြောဆို ဆွေးနွေးလျှင် အဆင်ပြေမည်ထင်ကြောင်း ဒေါက်တာဇော်မြင့်မောင်က မှတ်ချက်ပြုသည်။

"ကျွန်တော်တို့ရဲ့မူကိုက နိုင်ငံရေးကိစ္စများကို နိုင်ငံရေးသဘော ဆွေးနွေးပြီး အဖြေရှာမယ်၊ ဆက်ပြီး အဖြေရှာလို့ရမှာပါ။ သူတို့တွေ ဝန်ကြီးတွေပါလာမလား ဆိုတာကတော့ ပြည်ထောင်စုအဆင့်ဆိုတာကတော့ တိုင်းရင်းသားတွေ မပါဘူးဆိုတာ မပြောနိုင်ဘူး။ ပါဖို့က များမှာပါ။ ဘာလို့လဲဆိုတော့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို တိုင်းရင်းသားပဲပေးမှာပါ။ SNLD က ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာထားတာရှိပါတယ်။ ဘာပဲပြောပြော အလားအလာကောင်းပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ဒီလိုမြင်ချင်နေတာပါ" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းနှင့် ပြည်နယ်လွှတ်တော် နှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တို့ အပါအဝင် စုစုပေါင်း မဲဆန္ဒနယ် ၁၁၁၇ ခု ရှိသည့်အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် မဲဆန္ဒနယ် ၉၂၀ ခုတွင် အနိုင်ရရှိခဲ့သည်။ 

ဘုန်းမြတ်