News

POST TYPE

NEWS

ကိုဗစ်-၁၉ ပျံ့နှံ့မှုကို ထိန်းချုပ်ရေးတွင် တရုတ်နှင့် WHO တို့ တုံ့ပြန်မှုနှေးကွေးလွန်းခဲ့ကြောင်း လွတ်လပ်သောပညာရှင်အဖွဲ့ သုံးသပ်
20-Jan-2021


ဂျနီဗာ၊ ဇန်နဝါရီ ၁၉

ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးတွင် တရုတ်၏ ကနဦးကိုင်တွယ်မှုအား နည်းခဲ့မှုနှင့် WHO ၏ နှောင့်နှေးမှုများကို ကိုဗစ်-၁၉ ကပ်ရောဂါအကြောင်း ပြန်လည်သုံးသပ်သည့် လွတ်လပ်အမှီအခိုကင်းသော ပညာရှင်အဖွဲ့တစ်ဖွဲ့က ဝေဖန်ခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဟူပေးပြည်နယ် ဝူဟန်မြို့တွင် ကူးစက်မှုများစတင်တွေ့ရှိသည့် ၂၀၂၀ ဇန်နဝါရီလကတည်းက ဒေသဆိုင်ရာနှင့် နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးအာဏာပိုင်များသည် ပြည့်သူ့ကျန်းမာရေး အစီအမံများကို အင်တိုက်အားတိုက်ဆောင်ရွက်သင့်ခဲ့သည်ဟု ဆွစ်ဇာလန်အခြေစိုက် ကပ်ရောဂါပြင်ဆင်မှုနှင့် တုံ့ပြန်မှုဆိုင်ရာလွတ်လပ်သောအဖွဲ့ကြီးက သုံးသပ်သည်။

ဝူဟန်အာဏာပိုင်များအဆိုအရ အစောဆုံးကူးစက်မှုများသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်မှ ၂၉ ရက်ကြားတွင် ဖြစ်ပွားခဲ့သည်ဟုဆိုသည်။ ယင်းကူးစက်မှုများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်မီအထိ သတင်းမပို့ခဲ့ပေ။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ ဝူဟန်တွင် လော့ခ်ဒေါင်းချချိန်၌ ဗိုင်းရပ်စ်မှာ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်းနှင့် အမေရိကန်တို့သို့ ပျံ့နှံ့ခဲ့ပြီးဖြစ်သည်။

ကနဦးအဆင့်များတွင် တရုတ်အစိုးရသည် ကူးစက်မှု၏ ဆိုးရွားပြင်းထန်မှုအတိုင်းအတာကို လျှော့ပြောခဲ့ပြီး ထိရောက်သောကိုင်တွယ်မှုများကို အချိန်လွန်မှ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန် နှင့် ဩစတြေးလျအပါအဝင် နိုင်ငံအများအပြားက ဝေဖန်ထားသည်။

နယူးဇီလန်ဝန်ကြီးချုပ်ဟောင်း ဟယ်လင်ကလာ့ခ်နှင့် လိုက်ဘေးရီးယား သမ္မတဟောင်း အယ်လန်ဂျွန်ဆင်ဆာလိဖ်တို့ ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် အဆိုပါအဖွဲ့က ထုတ်ပြန်သော ဒုတိယကြားဖြတ်အစီရင်ခံစာတွင် သတိပေးမှု များပြုလုပ်ရန် နှောင့်နှေးခဲ့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကိုလည်း ဝေဖန်ခဲ့ပြီး WHO ကို ပြုပြင်ပြောင်းလဲရန်လိုအပ်နေပြီဟု သုံးသပ်ထားသည်။

၂၀၁၉ ဒီဇင်ဘာလအကုန်တွင် တရုတ်ဘက်က သတိပေးပြီဖြစ်သော်လည်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၂ ရက်မတိုင်မီအထိ WHO က အရေးပေါ်ကော်မတီ စည်းဝေးခဲ့ခြင်းမရှိသလို အပြည်ပြည်ဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာရန် ဇန်နဝါရီလ ၃၀ ရက်နေ့အထိ စောင့်နေခဲ့ကြောင်းလည်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

ကျန်းမာရေးပညာရှင်များနှင့် မီဒီယာများက ကပ်ရောဂါဟု စတင်သုံးစွဲနေသည့်တိုင် WHO က ၂၀၂၀ ပြည့်နှစ်မတ်လ ၁၁ ရက်နေ့မတိုင်မီအထိ ကိုဗစ်-၁၉ ကို ကပ်ရောဂါအဖြစ်မကြေညာသေးဘဲ နှောင့်နှေးနေခဲ့သည်ဟုလည်း ထောက်ပြထားသည်။ ထိုအချိန်တွင် ကမ္ဘာတစ်ဝန်း ကူးစက်သူတစ်သိန်းကျော်၊ သေဆုံးသူ ၄၀ဝ၀ ကျော်ရှိနေပြီဖြစ်သည်။

WHO က လုပ်မည်ဟု မျှော်လင့်သော အလုပ်ကိုလုပ်နိုင်စွမ်းမရှိဖြစ်နေပြီး ရောဂါကူးစက်ဖြစ်ပွားနိုင်မှုအလားအလာများကို ဆန်းစစ်ရန်၊ ထိန်းချုပ်ရန် WHO တွင် လုပ်ပိုင်ခွင့်အကန့်အသတ်ရှိနေ ကြောင်းလည်း သုံးသပ်ထားပြီး ကပ်ရောဂါကိုင်တွယ်ရေးတွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်အသစ်မှပြန်စရန် လိုအပ်နေပြီဖြစ်ကြောင်းလည်း သုံးသပ်ထားသည်။    

F-05