News

POST TYPE

NEWS

ကိုဗစ်ကာကွယ်ဆေးအရေးတွင် ကမ္ဘာကြီးသည် ဆိုးဆိုးရွားရွား ကိုယ်ကျင့်တရားပျက်ပြားမှုနှင့် ကြုံတွေ့နေရကြောင်း WHO သတိပေး
20-Jan-2021


ဂျနီဗာ၊ ဇန်နဝါရီ ၁၉

မမျှတသော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးမူဝါဒများကြောင့် ကမ္ဘာကြီးသည် ဆိုးဆိုးရွားရွား ကိုယ်ကျင့်တရားပျက်ပြားမှုနှင့် ကြုံတွေ့နေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက သတိပေးခဲ့ကြောင်း BBC သတင်းဌာန ကဖော်ပြသည်။

ဆင်းရဲသောနိုင်ငံများရှိ ကျန်းမာရေးမကောင်းသူ သက်ကြီးရွယ်အိုများထက် ချမ်းသာသောနိုင်ငံများမှ ကျန်းမာရေးကောင်းသူ လူငယ်များ ကိုဗစ်ကာကွယ်ဆေး ဦးစွာထိုးနှံခံရခြင်းသည် လုံးဝမမျှတကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောခဲ့သည်။

ချမ်းသာသောနိုင်ငံ ၄၉ နိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး ၃၉ သန်း ဖြန့်ချိပေးထားချိန်တွင် ဆင်းရဲသောနိုင်ငံတစ်နိုင်ငံလျှင် ကိုဗစ်ကာကွယ်ဆေး ၂၅ လုံးသာရသေးကြောင်း ၎င်းကသုံးသပ်သည်။

တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ ကိုယ်တိုင်ထုတ်လုပ်နိုင်ခဲ့ပြီး အမေရိကန်နှင့် ဂျာမနီတို့ပူးပေါင်းကာ ကိုဗစ်ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်ထားသည်။

"ကျွန်တော် ဗြောင်ပဲပြောပါမယ်၊ ကျွန်တော်တို့ ကမ္ဘာကြီးက အလွန်ကြီးမားတဲ့ ကိုယ်ကျင့်တရားပျက်ပြားမှု ချောက်ထဲကျဖို့ နဲနဲပဲ လိုပါတော့တယ်၊ ပြီးတော့ အဲလိုဖြစ်ခဲ့ရင်လည်း ပေးဆပ်ရမယ့်သူတွေက ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေက အပြစ်မဲ့တဲ့ သူတွေပါ" ဟု ဇန်နဝါရီလ ၁၈ ရက်နေ့တွင်ကျင်းပခဲ့သော အစည်းအဝေးတစ်ခုတွင် Tedros ကပြောခဲ့သည်။

'ငါအဦးဆုံး' ဟူသော မူဝါဒကျင့်သုံးလျှင် ကိုဗစ်ကာကွယ်ဆေး ဈေးနှုန်းများ မြင့်တက်သွားနိုင်ခြင်းနှင့် ကာကွယ်ဆေး အမြောက်အများ သိုလှောင်ထားခြင်းများ ဖြစ်လာနိုင်ကြောင်းလည်း သုံးသပ်ခဲ့သည်။

နောက်လတွင် စတင်သွားမည့် ကမ္ဘာတစ်ဝန်း ကိုဗစ်ကာကွယ်ဆေးအညီအမျှ ဖြန့်ဝေပေးရေး အစီအစဉ် Covax ကိုလည်း အပြည့်အဝ ယုံကြည်မှုရှိကြောင်း Tedros ကပြောခဲ့သည်။

WHO ၏ အကူအညီနှင့် အပြည်ပြည်ဆိုင်ရာ ကာကွယ်ဆေး ထောက်ခံရေးအဖွဲ့တို့ ပူးပေါင်းကာ စီစဉ်ပြုလုပ်ထားသည့် Covax ကိုဗစ်ကာကွယ်ဆေး အညီအမျှ ဖြန့်ချိပေးရေးအစီအစဉ်တွင် နိုင်ငံပေါင်း ၁၈၀ ထက်မနည်း စာရင်းတင်သွင်းထားသည်ဟုလည်း သိရ သည်။     

F-05