News

POST TYPE

NEWS

ပြည်ပခရီးသွားများဝင်ရောက်မှုကန့်သတ်ထားခြင်းကို ဒေါ်နယ်ထရမ့်က ဖယ်ရှားပေးမည်ဟုဆိုသော်လည်း ဂျိုးဘိုင်ဒင်တို့အဖွဲ့က လက်မခံ
20-Jan-2021


ဝါရှင်တန်၊ ဇန်နဝါရီ ၁၉

လာမည့် ဇန်နဝါရီလ ၂၆ ရက်နေ့ကစပြီး အမေရိကန်ပြည်ထောင်စုသို့ ပြည်ပခရီးသည်များဝင်ရောက်မှုကို ဖယ်ရှားပေးမည်ဟုဆိုထားသော ဒေါ်နယ်ထရမ့်၏ ကြေညာချက်ကို မကြာမီရက်ပိုင်းအတွင်း အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရတော့မည့် ဂျိုးဘိုင်ဒင်၏အဖွဲ့က ပယ်ချလိုက်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။ 

အမေရိကန်ပြည်တွင်းသို့ ဥရောပဒေသနှင့်ဘရာဇီးတို့မှ ခရီးသည်များ ဝင်ရောက်မှု ကန့်သတ်ပိတ်ပင်ထားခြင်းကို ယခုလ ၂၆ ရက်နေ့မှစ၍ ဖယ်ရှားပေးမည်ဖြစ်သည်ဟု သမ္မတဒေါ်နယ်ထရမ့်က မကြာသေးခင်ကကြေညာခဲ့သည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဂျိုးဘိုင်ဒင်၏ ပြောရေးဆိုခွင့်ရှိသူက မည်သို့မျှဖြစ်နိုင်ခြေမရှိသေးသောကြောင့် ပိတ်ပင်ကန့်သတ်မှုများကို ဆက်လက်ထားရှိသွားမည်သာဖြစ်ကြောင်း ပြောကြားသည်။ 

“ကျွန်တော်တို့ရဲ့ ကျန်းမာရေးအဖွဲ့ကပေးတဲ့ အကြံပြုချက်အရ အမေရိကန်အစိုးရအနေနဲ့ အဲဒီကန့်သတ်ချက်တွေကို ဖယ်ရှားပေးဖို့ အစီအစဉ်မရှိပါဘူး”ဟု ဂျိုးဘိုင်ဒင်၏ သတင်းပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဂျန်ပါစကီက ပြောကြားသည်။ 

“တကယ်တမ်း ပြောရမယ်ဆိုရင် ကျွန်တော်တို့က နိုင်ငံတကာခရီးသွားလာမှုတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးအစီအမံတွေ ပိုမိုအားကောင်းအောင်လုပ်ဖို့ စီစဉ်နေတာပါ။ COVID-19 ကူးစက်ပြန့်ပွားနေမှုကို ထိန်းချုပ်ဖို့ပါ”ဟု ၎င်းက ဆိုသည်။ 

ကမ္ဘာတစ်ဝန်းတွင် ကူးစက်မှုပိုမိုလျင်မြန်သည့် ဗိုင်းရပ်စ်မျိုးစိပ်သစ်များ ပျံ့နှံ့လာခြင်းနှင့်အတူ ကပ်ရောဂါကြီး၏ အခြေအနေမှာလည်း ပိုမိုဆိုးရွားလျက်ရှိကြောင်း၊ ယင်းသို့သော အချိန်ကာလမျိုးတွင် နိုင်ငံတကာခရီးသွားလာမှုများနှင့် ပတ်သက်၍ ကန့်သတ်ချက်များကို ဖယ်ရှားပေးရန်မဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။ 

အမေရိကန်ပြည်ထောင်စုတွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်း၊ အထူးသဖြင့် နိုဝင်ဘာလမှစ၍ ဗိုင်းရပ်စ်ကူးစက်မှုများ သိသိသာသာမြင့်တက်လာရာ ယခုအခါ စံချိန်တင်မြင့်တက်သည့ ်အနေအထားသို့ ရောက်ရှိနေသည်။ 

စာရင်းဇယားများအရ အမေရိကန်ပြည်ထောင်စုတွင် ဗိုင်းရပ်ကြောင့်သေဆုံး သူဦးရေ ၃၉၉,ဝဝဝ ကျော်ရှိပြီး ကူးစက်ခံရသူ ၂၄ ဒသမ ၁ သန်းကျော်ရှိသည်။ 

F-01