News

POST TYPE

NEWS

ဒီမိုကရေစီအရေးကို မြန်မာအစိုးရ၊ ပြည်သူများနှင့်အတူ လက်တွဲဖော်ဆောင်မည်ဟု အမေရိကန်သံအမတ်သစ်ပြော
19-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၁၉

မြန်မာနိုင်ငံတစ်ဝန်း ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ဒီမိုကရေစီကို ဖော်ဆောင်ရာတွင် မြန်မာအစိုးရ၊ မြန်မာပြည်သူများနှင့်အတူ လက်တွဲဖော်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ်အဖြစ် တာဝန်ထမ်းဆောင်မည့်သူ သောမတ်စ်ဗိုက်ဒါက ပြောကြားသည်။

နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ ဇန်နဝါရီလ ၁၉ ရက်နေ့က သံအမတ်ခန့်အပ်လွှာပေးရာတွင် ၎င်းကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာ မကြာသေးမီနှစ်တွေအတွင်းက အကြီးအကျယ်ပြောင်းလဲခဲ့ပြီးပါပြီ။ ဒါပေမဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်‌ခုအတွက် အတူတကွလက်တွဲဆောင်ရွက်မယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကတော့ မပြောင်းလဲဘဲ ဆက်လက်ပြီး ရှိနေပါတယ်”ဟု သောမတ်စ်ဗိုက်ဒါက ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးသောမတ်စ်ဗိုက်ဒါ သည် ၎င်း၏နေပြည်တော်ခရီးစဉ်အတွင်း အမေရိကန်-မြန်မာဆက်ဆံရေး ပိုမိုအားကောင်းစေရေးအတွက် မြန်မာအစိုးရ၏ အခြားသောအကြီးတန်းတာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးထံမှ သိရသည်။

“‌ရှေ့လာမယ့်နှစ်တွေအတွင်း အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံက ပြည်သူတွေအကြား ရေရှည်တည်တံ့တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ဖို့အတွက်လည်း ကျွန်တော်မျှော်လင့်လျက်ရှိနေပါတယ်” ဟု သံအမတ်ကြီးသောမတ်စ်ဗိုက်ဒါက ဆိုသည်။

သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါသည် ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ သံရုံးဒုတိယအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယနေ့မှစ၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတွင် ၎င်းအတူ ဇနီးဖြစ်သူ အေမီဆေဘေ့စ်၊ သမီးနှစ်ဦးအနက်မှ တစ်ဦးကလည်း အတူလိုက်ပါလာခဲ့ပါကြောင်း အမေရိကန်သံရုံးထံမှ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ၁၉၉၀ နောက်ပိုင်းတွင်ခန့်အပ်ခဲ့ခြင်းမရှိပဲ ယာယီတာဝန်ဖြင့်သာခန့်အပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ၂၀၁၂ ဇူလိုင်လ ၅ ရက်နေ့မှ စတင်၍ ဒဲရစ်မစ်ချယ်ကို သံအမတ်အဖြစ် စတင်ခန့်အပ်ခဲ့ကာ ၂၀၁၆ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့အထိ ဒဲရစ်မစ်ချယ်က တာဝန်ထမ်းဆောင်ခဲ့သည်။

ယင်းနောက် ၂၀၂၀ ဩဂုတ်လခန့်အထိ စကော့မာစီရယ်ကို ဆက်လက်ခန့်အပ်ခဲ့ပြီး ၎င်းနောက်ပိုင်းတွင် သံရုံးယာယီတာဝန်ခံများအဖြစ် ဂျော့ချ်ဆစ်ဘလီနှင့် လက်ရှိယာယီတာဝန်ခံ ကွမ်တက်နိုတိုကို ခန့်အပ်ခဲ့ပြီးနောက်တွင်မှ သံအမတ်ကြီးအဖြစ် သောမတ်စ်ဗိုက်ဒါကို ပြန်လည်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ယခုသံအမတ်အဖြစ်ခန့်အပ်ခံရသော သောမတ်စ်ဗိုဒါသည် ဗဟိုနှင့် တောင်အာရှရေးရာဗျူရို၏ အကြီးတန်း အကြံပေးတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံသံအမတ်အဖြစ်ခန့်အပ်နိုင်ရန် သမ္မတဒေါ်နယ်ထရမ့်က ၂၀၂၀ ပြည့်နှစ်၊ မေလ ၄ ရက်နေ့က အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ၁၉၉၁ ခုနှစ်မှ စတင်၍ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။

S-08
Photo. US Embassy Myanmar