News

POST TYPE

NEWS

အမေရိကန်သွားမည့် ဟွန်ဒူးရပ်စ်မှ ရွှေ့ပြောင်းလူအုပ်ကြီး ဂွာတီမာလာနိုင်ငံတွင် တားဆီးခံရ
19-Jan-2021


ဂွာတာမာလာ၊ ဇန်နဝါရီ ၁၈ 

အမေရိကန်နိုင်ငံသွားရောက်မည့် ဟွန်ဒူးရပ်စ်နိုင်ငံမှ တရားမဝင်ရွှေ့ပြောင်း အခြေချရန်ကြိုးပမ်းသူ လူအုပ်ကြီးသည် လမ်းခုလတ် ဂွာတီမာလာနိုင်ငံတွင် ရဲများနှင့်ပဋိပက္ခများဖြစ်ပွားကာ ရဲတပ်ဖွဲ့များက ၎င်းတို့၏လမ်းကြောင်းကို ပိတ်ဆို့ပြီး ရဲနံပါတ်တုတ်များနှင့် မျက်ရည်ယိုဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။

အဆိုပါ လူဦးရေ ၇၀ဝ၀ ခန့်ရှိသည့် လူအုပ်ကြီးသည် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဟွန်းဒူးရပ်စ်နိုင်ငံ နယ်စပ်အနီး၌ ကြားဖြတ်ဝင်ရောက်တားဆီးခြင်းခံခဲ့ရသည်ဟု သိရသည်။ 

တရားမဝင် လူအုပ်ကြီးဖြင့် ရွှေ့ပြောင်းသွားလာခြင်းကို လက်ခံမည်မဟုတ်ကြောင်း ဂွာတီမာလာအစိုးရက ထုတ်ပြန်ခဲ့သည်။

ဟွန်ဒူးရက်စ်နိုင်ငံမှ ရွှေ့ပြောင်းဒုက္ခသည် အများစုပါဝင်သော လူအုပ်ကြီးသည် နိုင်ငံရေးမငြိမ်သက်မှုများနှင့် စီးပွားရေးကျပ်တည်းဆင်းရဲခြင်းဒဏ်များမှ ရုန်းထွက်နိုင်ရန် နိုင်ငံကိုစွန့်ခွာပြီး အမေရိကန်သို့ ဦးတည်ထွက်ခွာလာရာ ဂွာတီမာလာနိုင်ငံတွင်း ရောက်လာခြင်းဖြစ်သည်။

၎င်းတို့သည် ဂွာတီမာလာမှ တစ်ဆင့်မက္ကဆီကိုနိုင်ငံသို့ကူးကာ ထိုမှတစ်ဖန် အမေရိကန်ပြည်ထောင်စု နယ်စပ်အထိ ရောက်အောင်သွားကြမည်ဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း ဗဟိုအမေရိကနိုင်ငံများမှ ရွှေ့ပြောင်းဒုက္ခသည်များ ထောင်၊ သောင်းချီသည် အမေရိကန်ပြည်ထောင်စုကို ရွေ့ပြောင်းနေထိုင်နိုင်ရန် ကြိုးစားကြလေ့ရှိပြီးများသောအားဖြင့် ခြေလျင်သာရွှေ့ပြောင်းလေ့ရှိသည်။

အမေရိကန်သမ္မတ အဖြစ်ရွေးချယ်တင်မြှောက်ခံရသူ ဒီမိုကရက် ဂျိုးဘိုင်ဒင်သည် ၎င်းရာထူးတက်ချိန်တွင် လက်ရှိသမ္မတ ရီပက်ဘလစ်ကန် ဒေါ်နယ်ထရမ့် ချမှတ်ခဲ့သော တင်းကျပ်သည့် တရားမဝင် ရွှေ့ပြောင်းမူဝါဒများကို အဆုံးသတ်ပေးသွားမည်ဟု ကြွေးကြော်ခဲ့သည်။

သို့သော် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နိုင်ငံကို တရားဝင်စီမံအုပ်ချုပ်သွားနိုင်မည့် ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့က တရားမဝင်ရွှေ့ပြောင်းမူဝါဒ ဥပဒေများသည် ညတွင်းချင်း ပြင်ဆင်မရနိုင်သဖြင့် အဆိုပါရွှေ့ပြောင်းလူအုပ်ကြီး အမေရိကန်သို့ လာမည့်ခရီးစဉ် စတင်ခြင်းမပြုသေးရန်  သတိပေးခဲ့ကြသည်။

F-05