News

POST TYPE

NEWS

အဆိတ်ခတ်ခံခဲ့ရသော ရုရှားအတိုက်အခံခေါင်းဆောင်ကို ပြန်လွှတ်ပေးရန် အမေရိကန်နှင့်ဥရောပသမဂ္ဂတောင်းဆို
19-Jan-2021


မော်စကို၊ ဇန်နဝါရီ ၁

ထင်ရှားသည့် အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်လ်နီကို ပြန်လွှတ်ပေးရန် ရုရှားအစိုးရအား အမေရိကနှင့် ဥရောပအစိုးရများက တောင်းဆိုခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

အသက် ၄၄ နှစ်အရွယ်ရှိ နာဗယ်လ်နီသည် တနင်္ဂနွေနေ့က ဂျာမနီမှနေ၍ မော်စကိုသို့ ပြန်လာစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွမ်ပီယို၊ သမ္မတအဖြစ် ရွေးကောက်ခံထားသူ ဂျိုးဘိုင်ဒင်၏ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်တို့က နာဗယ်လ်နီကို ပြန်လွှတ်ပေးရေးတောင်းဆိုခဲ့ကြသည်။

ဥရောပသမဂ္ဂမှ တောင်းဆိုမှုများမှာမူ ပိုမိုပြင်းထန်ပြီး ပြင်သစ်၊ အီတလီ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌတို့က ချက်ချင်းလွှတ်ပေးရေး ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့ကြသည်။ ဗြိတိန်ကလည်း အလားတူတောင်းဆိုမှု မျိုးလုပ်ဆောင်ခဲ့သည်။

အာရုံကြောကိုထိခိုက်စေသော အဆိပ်ဖြင့် လုပ်ကြံတိုက်ခိုက်ခံခဲ့ရပြီး သေဆုံးလုနီးပါးဖြစ်ခဲ့သည့် နာဗယ်လ်နီသည် ဂျာမနီနိုင်ငံတွင် ကုသမှုခံယူပြီး နောက်ငါးလအကြာတွင် အမိမြေသို့ ပြန်လာခဲ့ခြင်းဖြစ်သည်။

နာဗယ်လ်နီက သူ့ကို အဆိပ်ခတ်လုပ်ကြံခဲ့သူများမှာ ရုရှားအာဏာပိုင်များဖြစ်သည်ဟု အထောက်အထားများဖြင့် ဖော်ထုတ်ခဲ့သော်လည်း အစိုးရဘက်က ငြင်းဆန်ထားသည်။

နာဗယ်လ်နီသည် ဆိုက်ဘေးရီးယားဒေသတွင် ပြည်တွင်းလေကြောင်းခရီး တစ်ခုထွက်ခွာစဉ် အဆိပ်မိပြီးလဲပြိုကျခဲ့သည်။ သို့ရာတွင် အရေးပေါ်ကုသမှုခံယူရန် ဂျာမနီသို့ ခေါ်ထုတ်နိုင်ခဲ့ခြင်းကြောင့် အသက်ဘေးမှ လွတ်ခဲ့ရသည်။ 

ရုရှားပြန်လာလျှင်အဖမ်းခံရမည်မှန်းသိသော်လည်း ပြန်လည်ခဲ့ခြင်းဖြစ်သည်။ "ကျုပ်မှန်တယ်ဆိုတာက ကျုပ်သိတယ်၊ ဘာကိုမှမကြောက်ဘူး"ဟု အဖမ်းမခံရမီ သတင်းထောက်များကို ပြောကြားခဲ့သလို ဖမ်းစီးမည့် တပ်ဖွဲ့များကိုပင် "စောင့်နေရတာကြာပြီလား"ဟု မေးမြန်းခဲ့သေးသည်။

အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး လှုပ်ရှားသူလည်းဖြစ်ပြီး ရုရှားသမ္မတဗလာ ဒီမာပူတင်၏ ပါတီသည် လူဆိုးသူခိုးများဖြင့် ဖွဲ့ထားသည့်ပါတီဟု ဝေဖန်သူ နာဗယ်လ်နီသည် ရုရှားတွင် အထင်ရှားဆုံး အတိုက်အခံတစ်ဦးဖြစ်သည်။

၂၀၁၈ တွင် သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်ရန်ပါ စီစဉ်ခဲ့သော်လည်း အလွဲသုံးစားလုပ်မှုဖြင့် စွဲချက်တင်ခံရပြီး ဝင်ပြိုင်ခွင့်အပိတ်ခံခဲ့ရသည်။ ယခု ရုရှားသို့ ပြန်လာချိန်တွင်လည်း ယင်းပြစ်မှုဖြင့်ပင် ချမှတ်ထားသော ဆိုင်းငံ့ထောင်ဒဏ်ကို ချိုးဖောက်မှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

ထင်ရှားသည့် ဘလော့ဂါတစ်ဦးလည်းဖြစ်သူ နာဗယ်လ်နီသည် လူမှုကွန်ရက်တွင် Follower သန်းချီရှိသူဖြစ်ပြီး သူ့ကိုထောက်ခံသူအချို့မှာ ၂၀၂၀ ပြည့်နှစ်အတွင်းက ဆိုက်ဘေးရီးယားဒေသ ကောင်စီရွေးကောက်ပွဲများတွင် အရွေးခံခဲ့ရသည်။

နာဗယ်လ်နီကို တရားရုံးက စီရင်ချက်မချမချင်း ထိန်းသိမ်းထားမည်ဖြစ်သည်ဟုလည်းသိရသည်။ ရှေ့နေများမှာ သူနှင့်တွေ့ခွင့်မရဟုထုတ်ပြန်ထားသည်။

F-05