News

POST TYPE

NEWS

သထုံတွင် ရထားလမ်းပေါ် တက်အိပ်သူနှစ်ဦး ရထားတိုက်ခံရ၊ တစ်ဦးသေ တစ်ဦးဒဏ်ရာရ
19-Jan-2021
ပဲခူး၊ ဇန်နဝါရီ ၁

မွန်ပြည်နယ် သထုံမြို့နယ် နန်းခဲကွက်သစ် အမှတ်၂ လမ်းအနီး ရန်ကုန်-မော်လမြိုင်မီးရထားလမ်းတွင် ဇန်နဝါရီလ ၁၈ ရက် နံနက် ၃ နာရီခန့်က ရထားသံလမ်းပေါ်တက်အိပ်သူ အမျိုးသားနှစ်ဦး ရထားတိုက်ခံရသဖြင့် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သထုံမြို့မ ရဲစခန်းထံမှ သိရသည်။ 

အဆိုပါနေ့က ရန်ကုန်-မော်လမြိုင် ရထားလမ်းအတိုင်း ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ စက်ခေါင်းမောင်း ဦးမြင့်ဇော် မောင်းနှင်လာသည့် အမှတ် ၆၈၁ အဆန် ကျောက်တင်ရထားသည် သထုံဘူတာနှင့် နောင်ကုလားဘူတာအကြား မိုင်တိုင် ၁၃၇/၉ နှင့် ၁၃၇/၁၀ အကြားတွင် ရထားသံလမ်းပေါ်တက်အိပ်နေသူ ကျော်ဟိန်း(ခ) ပုကျိ (၂၉နှစ်) နှင့် ရာဂျား(ခ)အောင်အောင် (၂၄ နှစ်) တို့ကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

ရထားတိုက်ခံရသူ နှစ်ဦးအနက် ကျော်ဟိန်း (ခ) ပုကျိ ဆိုသူသည် ရရှိထားသည့်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ရာဂျား (ခ) အောင်အောင်သည် ဦးခေါင်းပေါက်ပြဲ ခြေလက်ကျိုးကြေဒဏ်ရာများဖြင့် သထုံဆေးရုံသို့ပို့ဆောင်ကာ ကုသပေးနေရသည်ဟု ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ 

"အရက်သောက်ပြီး အိပ်ပျော်နေကြတာလို့ ယူဆရတယ်။ တစ်ဦးက အခင်းဖြစ်နေရာမှာ သေဆုံးတာ။ တစ်ဦးကလည်း စိုးရိမ်ရတာကြောင့် သထုံဆေးရုံမှာ ကုသပေးနေတယ်" ဟု သထုံမြို့မ ရဲစခန်းမှူး ဒုရဲမှူးမောင်မောင်တင်က ပြောကြားသည်။ 

ရထားလမ်းပေါ်အိပ်ပျော်နေသူ ကျော်ဟိန်း (ခေါ်) ပုကျိနှင့် ရာဂျား(ခေါ်) အောင်အောင်တို့ကို သထုံမြို့မရဲစခန်းက (ပ)၂၇/၂၀၂၁ ရထားပို့ဆောင်ရေးအက် ဥပဒေပုဒ်မ ၈၅ အရ အမှုဖွင့်လှစ်ထားသည်ဟု အဆိုပါရဲစခန်းထံမှ သိရသည်။ 

R-02