News

POST TYPE

NEWS

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို တပ်မတော်က တရားစွဲဆိုထားသည့်အမှု စတင်စစ်ဆေး
19-Jan-2021


ဖားကန့်၊ ဇန်နဝါရီ ၁

ကချင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ်-၉ မှ ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးချို (ခ) ဦးခင်မောင်မြင့်ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) က ဒုတိယဗိုလ်မှူးကြီး သန်းထိုက်က တပ်မတော်အကြီးအကဲတွေကို ဂုဏ်သိက္ခာညှိုးနွမ်းစေအောင် ပြုလုပ်တယ်ဆိုပြီး ပုဒ်မ (၅၀ဝ) နဲ့ စွဲဆို ထားတဲ့အမှု ဒုတိယရုံးချိန်းအဖြစ် စစ်ဆေးခဲ့ပါတယ်။

ပုဒ်မ (၅၀ဝ) နဲ့ တရားစွဲဆိုခဲ့တာနဲ့ ပတ်သက်ပြီး တရားရုံးရဲ့စစ်ဆေးကြားနာမှုကို အမျိုးသားလွှတ်တော်ဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်းပြောပြတာက "တရားရုံးရဲ့ လုပ်ငန်းစဉ်အရ အမှုတွေကို အမျိုးအစားသတ်မှတ်ရာမှာ ဒီအမှု က ရိုးရှင်းသောအမှုအဖြစ် တရားသူကြီးက သတ်မှတ်တယ်။ ဒါက CMP လို့ခေါ်တဲ့ Case Management Program အရ သတ်မှတ်တာ။ ဒီအမှုကို ခြောက်လလောက်နဲ့အပြီး စစ်ဆေးစီရင်မယ်လို့ ယူဆရတယ်" လို့ ပြောပါတယ်။ 

တပ်မတော်ဘက်က တရားစွဲဆိုခဲ့သူ ဒုဗိုလ်မှူးကြီး သန်းထိုက်၊ တရားစွဲဆိုခံရသူ ဦးခင်မောင်မြင့်တို့ တရားခွင်ရောက်ရှိခဲ့ပြီး တတိယရုံးချိန်းကို ဇန်နဝါရီလ ၂၉ ရက်နေ့ကို ချိန်းဆိုခဲ့တယ်လို့ သိရပါတယ် ။

စွပ်စွဲခံရသူ ဦးခင်မောင်မြင့်နဲ့ စွပ်စွဲသူတရားလိုဘက်က မီဒီယာကို မဖြေကြပါဘူး။

ခုလို တရားစွဲဆိုခံရခြင်းဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့ပါ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ပေးပို့တင်ပြခဲ့တဲ့ ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်ရဲ့တင်ပြစာမှာ တပ်မတော်အကြီးအကဲတွေရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ အသုံးအနှုန်းဝေါဟာရတွေ ပါရှိနေတာကြောင့်လို့ သိရပါတယ်။ 

ဇော်မိုးထက် (VOM)