News

POST TYPE

NEWS

စတားလုံးကို အမျိုးသားအနုပညာ ရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌခန့်ဖို့ ထရမ့် စီစဉ်နေ
18-Dec-2016 tagged as ဒေါ်နယ်ထရမ့်

ဒီကိစ္စ အတည်ပြုဖို့ သင့်၊ မသင့် လွှတ်တော်မှာသာ ကြားနာရရင်တော့ ရမ်ဘိုလို အပစ်အခတ်၊ ရော့ကီးလို အသတ်အပုတ်တွေနဲ့ ပွဲကြမ်းလာနိုင်ပါတယ်။

သမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ ဒေါ်နယ်ထရမ့်က ဆီလ်ဗက်စတာ စတားလုံးကို အမျိုးသား အနုပညာ ရန်ပုံငွေအဖွဲ့ (NEA) ဥက္ကဋ္ဌ ခန့်ဖို့ လျာထားတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

အမျိုးသား အနုပညာ ရန်ပုံငွေအဖွဲ့ ဆိုတာ ဗဟိုအစိုးရရဲ့ ထောက်ပံ့မှုနဲ့ အမေရိကန်ပြည်သူတွေ  ဆင်းရဲချမ်းသာမရွေး အနုပညာနဲ့ ထိတွေ့ခွင့်ရဖို့ ဖန်တီးပေးတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဥက္ကဋ္ဌနေရာကို သမ္မတသက်တမ်းနဲ့ အတူတူ လေးနှစ်သက်တမ်းအတွက် အဆိုပြုရပြီး လွှတ်တော်က အတည်ပြုပေးတာ ဖြစ်ပါတယ်။

ထရမ့်က စတားလုံးကို ခန့်မယ့်ကိစ္စ တရားဝင် မကြေညာသေးပေမယ့် Daily Mail သတင်းစာကတော့ ဒီကိစ္စ သေချာသလောက် ရှိနေပြီလို့ ရေးပါတယ်။

ထရမ့်ရဲ့ ကိုယ်စားလှယ်တစ်ဦးကတော့ အပြီးသတ် ဆုံးဖြတ်ချက် မချရသေးဘူးလို့ Fox  သတင်းဌာနကို ပြောပါတယ်။ ရီပတ်ဘလစ်ကန် အမျိုးသားညီလာခံ ကိုယ်စားလှယ် တစ်ဦးကတော့  “သူတို့တွေက မိတ်ဟောင်းဆွေဟောင်းတွေ၊ ရွေးကောက်ခံ သမ္မတက သူ့ကို အရမ်းသဘောကျတာတော့ အမှန်ပါ။ ဒါပေမဲ့ ဒီနေရာအတွက် မဆုံးဖြတ်ရသေးဘူးလို့” Fox သတင်းဌာနကို ဖြေသွားပါတယ်။

စတားလုံးဘက်ကတော့ ဘာသံမှ ထွက်မလာသေးပါဘူး။

စတားလုံးနဲ့ ထရမ့်ကြားမှာ ဆက်ဆံရေးက တော်တော်ကောင်းပါတယ်။ ထရမ့်ရဲ့ မဲဆွယ်အဖွဲ့ဟာ အင်တာနက် မဲဆွယ်ကြော်ငြာအတွက် စတားလုံးရဲ့ ၂၀၀၆ Rocky Balboa ကားထဲက မိန့်ခွန်းကို သုံးဖူးပါတယ်။ စတားလုံး ကိုယ်တိုင်ကလည်း ဒေါ်နယ်ထရမ့်ကို သဘောကျတယ်လို့ ဝန်ခံဖူးပါတယ်။

ထရမ့်ဟာ အမေရိကန် ဂန္ထဝင် စာရေးဆရာကြီး ချားစ်ဒစ်ကင်းရဲ့ ဇာတ်ကောင်တစ်ကောင်လိုပဲလို့ စတားလုံးက ချီးကျူးခဲ့ဖူးပြီး သူကိုယ်တိုင် ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားခဲ့ပေမယ့် ထရမ့် ဝင်မယ်လည်းဆိုရော သူ စိတ်ပြောင်းသွားခဲ့တာလို့လည်း ပြောခဲ့ဖူးပါတယ်။ 

ဘတ်ဂျက် ဒေါ်လာ သန်း ၁၅၀ လောက် သုံးခွင့်ရတဲ့ NEA ကို လက်ရှိမှာ ဂီတပညာရှင် ဂျိန်းချူးက ဦးဆောင်နေပါတယ်။             

F-03