News

POST TYPE

NEWS

ရွှေဝါရောင်ဆရာတော် အရှင်စိန္တိတအမှု လာမည့်ရုံးချိန်းတွင် တရားလိုပြသက်သေစစ်မည်
19-Jan-2021
မန္တလေး၊ ဇန်နဝါရီ ၁

မန္တလေးမြို့မှ ရွှေဝါရောင်ဆရာတော်တစ်ပါးဖြစ်သည့် အရှင်စိန္တိတကို ၆၆ (ဃ)၊ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုထားမှု လာမည့်ရုံးချိန်းတွင် တရားလိုပြသက်သေများကို စတင်စစ်ဆေးမည်ဖြစ်ကြောင်း ပြည်ကြီးတံခွန်မြို့နယ် တရားရုံးထံမှ သိရသည်။

"ဒီနေ့ (ဇန်နဝါရီ ၁၈ ရက်နေ့) မှာ တရားရုံးကိုဆင့်ခေါ်ထားပေမယ့် မစစ်ဖြစ်ဘူး။ ရုံးချိန်းပေးပါတယ်။ နောက်ရုံးချိန်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ဆင့်ခေါ်ထားပြီး တရားလိုပြသက်သေများကို စစ်ဆေးသွားမယ်လို့ သိရပါတယ်"ဟု ရွှေဝါရောင်ဆရာတော် ဦးစိန္တိတက မိန့်ကြားသည်။

ယင်းအမှုကို ရက်ပေါင်း ၂၇၀ အတွင်း အပြီးစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်ကြီးတံခွန်မြို့နယ်တရားရုံး၊ သတင်းနှင့်ပြန်ကြားရေးအရာရှိက ပြောကြားထားသည်။

ဆရာတော်အရှင်စိန္တိတကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှု အောက်ရှိ အမှတ် ၂ ပင်မအလုပ်ရုံ (လျှပ်/ စက်) တွင် တာဝန်ထမ်းဆောင်နေသော ဒုတိယဗိုလ်မှူးကြီးသန့်ဇော်ဦးက ၂၀၁၉ ခုနှစ် မေလ ၂၇ ရက်နေ့က နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် တရားစွဲထား သည့်အမှုဖြစ်သည်။

ထိုသို့တရားစွဲဆိုခဲ့သော်လည်း ယင်းနှစ် စက်တင်ဘာလတွင် ပြည်ကြီးတံခွန် မြို့နယ်တရားရုံးနှင့် မန္တလေးခရိုင်တရားရုံးတို့က ထိုအမှုကို ပလပ်ခဲ့သည်။ ထိုသို့ အမှုပလပ်ခဲ့သည်ကို မကျေနပ်၍ ဒုတိယဗိုလ်မှူးကြီးသန့်ဇော်ဦးက မန္တလေးတိုင်းတရားလွှတ်တော်သို့ ဆက်လက် လျှောက်ထားခဲ့ရာ ၅၀၅(ခ) ဖြင့် စွဲဆို ထားသောအမှုကို ပြည်ကြီးတံခွန်မြို့နယ် တရားရုံး၌ပင် ဆက်လက်စစ်ဆေးရန် တိုင်းတရားလွှတ်တော်က ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် အမိန့်ချခဲ့သော အမှုလည်းဖြစ်သည်။

ဆရာတော် ဦးစိန္တိတကသည် တပ်မတော်အကြီးအကဲနှင့် တပ်မတော်သားများ၏ဂုဏ်သရေကို ပျက်စေသည့် စာသားများလူမှုကွန်ရက်ပေါ်၌ရေးသားခဲ့သည့်အတွက် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီးသန့်ဇော်ဦးက တရားခွင်တွင် ထွက်ဆိုထားသည်။

ထို့ကြောင့် ဆရာတော်ဦးစိန္တိတသည် ပြည်ကြီးတံခွန်မြို့နယ်တရားရုံးတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (ခ) တို့ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။

S-02