News

POST TYPE

NEWS

တတိယအကြိမ်မြောက် မန္တလေးတိုင်းလွှတ်တော် ဖေဖော်ဝါရီ ၉ ရက်နေ့ ကျင်းပမည်
19-Jan-2021


မန္တလေး၊ ဇန်နဝါရီ ၁

တတိယအကြိမ်မြောက် မန္တလေးတိုင်းလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ထံမှ သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၁၊ ၁၇၂(ခ)၊ ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၉၊ နည်းဥပဒေ ၃(က)(၁)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌသည် တတိယအကြိမ်မြောက် မန္တလေးတိုင်းလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို  ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း လက်ရှိမန္တလေးတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောကြားသည်။

တတိယအကြိမ်မြောက် မန္တလေးတိုင်းလွှတ်တော်သို့ တက်ရောက်မည့် တိုင်းလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ တွင် သတင်းပို့ရမည်ဖြစ်ပြီး သတင်းပို့လာရောက်ချိန်တွင် COVID-19 ရောဂါ ပိုးစစ်ဆေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းလွှတ်တော်ရုံးထံမှလည်း သိရသည်။

တတိယအကြိမ်မြောက် မန္တလေးတိုင်းလွှတ်တော်သို့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ် ၅၆ ဦး၊ ရှမ်းတိုင်းရင်းသားကိုယ်စားလှယ်တစ်ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၉ ဦး စုစုပေါင်း ၇၆ ဦး တက်ရောက်ကြမည် ဖြစ်သည်။

ပြီးခဲ့သည့် ဒုတိယအကြိမ်မြောက်မန္တလေးတိုင်းလွှတ်တော် ၅ နှစ်သက်တမ်းတွင် အစည်းအဝေးပေါင်း ၂၅ ကြိမ်ကျင်းပခဲ့ပြီး ကျောက်ဆည်ခရိုင်အတွင်းရှိလွှတ်တော်ကိုယ်စားလှယ်များက မေးခွန်း ၁၄၀ ခု၊ ညောင်ဦးခရိုင်တွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းရှစ်ခု၊  ပြင်ဦးလွင်ခရိုင်ရှိ လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်း ၁၁၆ ခု၊ မန္တလေးခရိုင်ရှိ လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်း ၂၀၆ ခု၊ မြင်းခြံခရိုင်ရှိ လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်း ၂၂၃ ခု၊ မိတ္ထီလာခရိုင်တွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်း ၄၃၁ ခု၊ ရမည်းသင်း ခရိုင်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်း ၁၀၉ ခု၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက မေးခွန်း ၄၀ ခု၊ စုစုပေါင်း မေးခွန်း ၁၂၇၃ ခု မေးမြန်းခဲ့သည်။ 

S-02