News

POST TYPE

NEWS

ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် အမျိုးသမီးနှင့် လူငယ်များ ပါဝင်မှုကို အလေးထားဆောင်ရွက်ရန် တိုက်တွန်း
18-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၁၈

၂၀၂၁ ခုနှစ်တွင် ရွေးချယ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင် အမျိုးသမီးနှင့် လူငယ်များ ပူးပေါင်းပါဝင်မှုကို အလေးထားဆောင် ရွက်ရန် ပြည်တွင်းအရပ်ဘက်အဖွဲ့ အစည်း ၁၀ ဖွဲ့နှင့် တစ်သီးပုဂ္ဂလကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်များအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနသို့ တိုက်တွန်းထားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာနအနေဖြင့် မဲဆွယ်စည်းရုံးစဉ်ကာလ အတွင်း အုပ်ချုပ်ရေးမှူး ကိုယ်စားလှယ် လောင်းများ လိုက်နာရမည့် ကျင့်ဝတ်များ (နိုင်ငံရေးပါတီ၏ သြဇာနှင့် ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ လွှမ်းမိုးမှုများ)နှင့် ရွေးကောက်ပွဲကုန်ကျစရိတ် ကန့်သတ်မှု များအတွက် ညွှန်ကြားချက်များ ထုတ်ပြန် ထိန်းညှိပေးရန်၊ ရွေးကောက်ပွဲကာလ သုံးခုအတွင်း ဖြစ်လာနိုင်သည့် ပဋိပက္ခ များနှင့် အငြင်းပွားမှုများအား ကြိုတင် တွက်ဆ၍ ဖြေရှင်းရန် နည်းလမ်းများ ပြင်ဆင်ထားရန်တို့ တိုက်တွန်းနှိုးဆော်ချက်တွင် ပါရှိသည်။

"ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို အများဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်နိုင်ခြင်းဟာ ဒေသန္တရအဆင့် ဒီမိုကရေစီ ကျင့်သုံးနိုင်တဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ အုပ်ချုပ်ရေးရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ ရပ်ကျေးအုပ်ချုပ် ရေးမှူးတွေကို မိမိတို့ကိုယ်တိုင်ရွေးချယ် နိုင်မယ့် အခွင့်အရေးကို ပြည်သူတွေအနေ နဲ့ အကျိုးရှိရှိ အသုံးချဖို့လိုပါတယ်" ဟု ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပြော ကြားထားသည်။

အလားတူ မဲဆန္ဒရှင် အသိပညာ ပေးခြင်း လုပ်ငန်းများကို လုံလောက် သည့်အချိန်ကာလအတွင်း ဆောင်ရွက် နိုင်ရန်အတွက် ကြိုတင်အသိပေးကြေညာရန်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ များ လွတ်လပ်ပြီး တရားမျှတမှုရှိစေရန် အတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံသားအားလုံး၏ စောင့်ကြည့် လေ့လာခွင့်အား လေးစားအသိအမှတ်ပြုရန်၊ သတင်းအချက်အလက်များ ရယူခွင့်အား သေချာစွာ ဆောင်ရွက်ပေးရန် အရပ်ဘက်လူမှုအဖွဲ့များက ဆက်လက် တိုက်တွန်းထားသည်။

လက်ရှိ တာဝန်ထမ်းဆောင်နေသော ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ယခင်အစိုးရ တာဝန်ယူစဉ်က ရွေးချယ် တာဝန် ပေးအပ်ခြင်းဖြစ်ကြောင်း၊ လက်ရှိ အစိုးရနှင့် နောင်တက်လာမည့် အစိုးရ သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ က ဦးဆောင်ဖွဲ့စည်း တာဝန်ပေးအပ်မည့် အစိုးရဖြစ်သဖြင့် ရွေးချယ်ရေးကိစ္စများကို ကြိုတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ် များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူက ဇန်နဝါရီလ ၁၂ ရက် နေ့တွင် ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ပြောကြားထားသည်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာသင်တန်းကို အွန်လိုင်း မှတစ်ဆင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က စတင်ပြီး သင်တန်းတစ်ကြိမ် လျှင် သင်တန်းသား မြို့နယ်အုပ်ချုပ်ရေးမှူး ၃၀ ဦးနှုန်းဖြင့် သင်တန်း (၁၁) ကြိမ်ကို ဇန်နဝါရီလ ၂၀ ရက်နေ့အထိ ဖွင့်လှစ် ပို့ချပေးနေကြောင်း၊ ယင်းသင်တန်းများ တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းနှင့်သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများကို ကျွမ်းကျင်စွာ အသုံးချ နိုင်စေရန်နှင့် ဥပဒေ၊ နည်းဥပဒေကို အဓိပ္ပာယ်ကောက်ယူရာ၌ ဥပဒေ၏ အနှစ်သာရကို ထိခိုက်မှုမရှိစေဘဲ မြေပြင်တွင် မျှတစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပို့ချနေခြင်း ဖြစ်ကြောင်း  ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနထံမှ သိရသည်။

S-08