News

POST TYPE

NEWS

ကိုဗစ်ဇာစ်မြစ် စုံစမ်းစစ်ဆေးမည့် WHO ပညာရှင်အဖွဲ့ တရုတ်နိုင်ငံရောက်ရှိ
15-Jan-2021


ပေကျင်း၊ ဇန်နဝါရီ ၁၄

တရုတ်နိုင်ငံဝူဟန်မြို့တွင် စတင်ပျံ့ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်၏ မူလအစကို ရှာဖွေစုံစမ်းစစ်ဆေးမည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ စေလွှတ်သော ပညာရှင်များအဖွဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်းကို BBC သတင်းဌာနက ဖော်ပြသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်နိုင်ရေးကို WHO နှင့် တရုတ်အစိုးရတို့ အချိန်ကြာမြင့်စွာ ဆွေးနွေးခဲ့ကြပြီး ယခုတွင် အောင်မြင်ခဲ့ပြီဖြစ်သည်။

ကိုရိုနာကပ်ရောဂါကြီး စတင်ဖြစ်ပွားခဲ့ခြင်းနှင့် ဆက်နွှယ်နေသော သုတေသန အဖွဲ့အစည်းများ၊ ဆေးရုံများနှင့် ပင်လယ်စာဈေးများမှ လုပ်သားများကို WHO က စေလွှတ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပါဝင်သူ သုတေသီ ၁၀ ဦးက စုံစမ်းမေးမြန်းသွားမည်ဖြစ်သည်။

အဆိုပါ ပညာရှင်ဆယ်ဦးအဖွဲ့ တရုတ်နိုင်ငံသို့ ရောက်ရှိသာ အချိန်ကာလသည် တရုတ်နိုင်ငံ မြောက်ပိုင်းဒေသများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ ရမှု အသစ်များ တစ်ဖန်ပြန်လည်များပြားလာချိန်နှင့် တိုက်ဆိုင်နေပြီး ဝူဟန်မြို့တွင်မူ လူနေမှုဘဝများ ပုံမှန်အနေအထားဖြင့် ပြန်လည်လည်ပတ်နေပြီဖြစ်သည်။

Covid-19 ကို ၂၀၁၉ ခုနှစ် နှောင်းပိုင်းတွင် တရုတ်နိုင်ငံ ဝူဟန်မြို့၌ စတင်တွေ့ရှိခဲ့ကြသည်။

တရုတ်နိုင်ငံ အာဏာပိုင်များ ချပြသော သက်သေများ အထောက်အထားများနှင့် နမူနာများကို စုံစမ်းစစ်ဆေးခြင်းလုပ်ငန်းများ မစတင်ခင် သုတေသနပညာရှင် ဆယ်ဦးသည် ၂ ပတ် ကွာရန်တင်း ဝင်သွားကြမည်ဖြစ်သည်။

"အမှန်တကယ် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို အပြည့်အဝ နားလည်သဘောပေါက်နိုင်ဖို့အတွက် ကျွန်တော်တို့သွားမယ့်ခရီးက အချိန်အတော်လေးကြာမှာပါ" ဟု ပညာရှင်ဆယ်ဦးအဖွဲ့ခေါင်းဆောင် ပီတာဘန်အမ်းဘရက်က ခရီးမစတင်ခင် AFP သတင်းဌာနကို ပြောခဲ့သည်။

"ဒီ မစ်ရှင်ပြီးသွားတာတောင်မှ ရှင်းလင်းသေချာတဲ့ အဖြေတွေရမယ်လို့ ကျွန်တော်မထင်ပါဘူး၊ ဒါပေမဲ့လည်း ကျွန်တော်တို့ ဒီခရီးကို သွားမှာပါ" ဟု ပီတာက မထွက်ခွာခင်ပြောခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့ပွားသော တိရစ္ဆာန်အရင်းအမြစ်ကို ရှာဖွေစုံစမ်းသွားမည့် အဆိုပါ စုံစမ်းစစ်ဆေးရေး လုပ်ငန်းသည် ယခင်က အခက်အခဲ အနည်းငယ်ရှိခဲ့သော်လည်း စတင်နိုင်ခဲ့ပြီ ဖြစ်သည်။

ယခုလ အစောပိုင်းတွင် အဆိုပါ စစ်ဆေးရေးအဖွဲ့ဝင်တစ်ဦး တရုတ်နိုင်ငံအတွင်းသို့ ဝင်ခွင့်မရဘဲ လမ်းတွင်ပိတ်မိခဲ့ပြီး အဖွဲ့ဝင် နောက်တစ်ဦးလည်းလှည့်ပြန်ခဲ့ရသည်ဟု WHO က ထုတ်ပြန်ခဲ့သည်။

သို့သော် ယင်းဖြစ်စဉ်မှာ နားလည်မှုလွဲမှားခြင်းသာဖြစ်ပြီး စုံစမ်းစစ်ဆေးရေးလုပ်ငန်းများအတွက် ပြင်ဆင်မှုများ ဆက်လက်လုပ်ဆောင်ဆွေးနွေးနေ ကြောင်း တရုတ်အစိုးရဘက်က ရှင်းလင်းထုတ်ပြန်ခဲ့သည်။  

F-05