News

POST TYPE

NEWS

'ဆူပူအုံကြွရန်လှုံ့ဆော်မှု' အတွက် ထရမ့်ကို စွပ်စွဲပြစ်တင်ကြောင်း အောက်လွှတ်တော် မဲခွဲဆုံးဖြတ်
15-Jan-2021


ဝါရှင်တန်၊ ဇန်နဝါရီ ၁၄

ပြီးခဲ့သည့်အပတ်က ကက်ပီတယ်လွှတ်တော်အဆောက်အအုံတွင် ဆူပူအုံကြွမှု ဖြစ်ပေါ်ရန် လှုံ့ဆော်ခဲ့မှုအတွက် သမ္မတဒေါ်နယ်ထရမ့်ကို စွပ်စွဲပြစ်တင်ကြောင်း အောက်လွှတ်တော်၌ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း CNN သတင်းဌာနကဖော်ပြသည်။

ယင်းမှာ ထရမ့်၏သမ္မတသက်တမ်းအတွင်း အောက်လွှတ်တော်၏ ဒုတိယအကြိမ်မြောက် စွပ်စွဲပြစ်တင်ခံရခြင်း ဖြစ်သလို အမေရိကန်သမိုင်းတွင် နှစ်ကြိမ် စွပ်စွဲပြစ်တင်ခံရသည့် ပထမဆုံးသမ္မတအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။ အမေရိကန်သမိုင်းတစ်လျှောက် သမ္မတကို လွှတ်တော်က စွပ်စွဲပြစ်တင်မှု လေးကြိမ်သာရှိခဲ့ဖူးသည်။ 

ဒီမိုကရက်အမတ်များနှင့်အတူ ရီပတ်ဘလီကန်အမတ် ၁၀ ဦးကပါ စွပ်စွဲပြစ်တင်မှုကို ထောက်ခံခဲ့ကြပြီး ၂၃၂ မဲ - ၁၉၇ မဲ ဖြင့် စွပ်စွဲပြစ်တင်မှု အထမြောက်ခဲ့သည်။ 

ထရမ့်လှုံ့ဆော်မှုကြောင့် သူ့ထောက်ခံသူများက သမ္မတရွေးကောက်ပွဲရလဒ်ကို အတည်ပြုသည့် လွှတ်တော်အစည်းအဝေးကို ဝင်ရောက်နှောင့်ယှက်ဖျက်စီးခဲ့ပြီး တစ်ပတ်တိတိအကြာတွင် ယခုကဲ့သို့ စွပ်စွဲပြစ်တင်ခဲ့ခြင်းဖြစ်သည်။

လက်နက်ကိုင်ဆောင်ထားသူများ ပါ ပါဝင်သည့် ထရမ့်ထောက်ခံသူ လူရမ်းကားတစ်စုသည် ကက်ပီတယ်လ် လွှတ်တော်ရဲတပ်ဖွဲ့က တားဆီးသည်ကို ကျော်လွှားပြီး အဆောက်အအုံတွင်း သောင်းကျန်းဖျက်ဆီးခဲ့သလို လွှတ်တော်တွင်းရှိနေသည့် ဒုတိယသမ္မတမိုက်ခ်ပင့်စ်နှင့် လွှတ်တော်အမတ်များအပေါ် အန္တရာယ်ဖြစ်ပေါ်စေခဲ့သည်။

အောက်လွှတ်တော်တွင်စွပ်စွဲပြစ်တင်ပြီးနောက် အထက်လွှတ်တော်၌ စွပ်စွဲမှုနှင့်ပတ်သက်၍ ကြားနာစစ်ဆေးရမည်ဖြစ်ပြီး အထက်လွှတ်တော်အမတ် သုံးပုံ နှစ်ပုံက သမ္မတသည် စွပ်စွဲသည့် ကိစ္စများအတွက် အပြစ်ရှိသည်ဟု မဲပေးဆုံးဖြတ်မှသာ သမ္မတကို ဖြုတ်ချနိုင်မည်ဖြစ်သည်။

ယခုဖြစ်စဉ်တွင်မူ ထရမ့်၏ သမ္မတသက်တမ်းသည် တစ်ပတ်သာကျန်ရှိတော့ရာ နောက်တစ်ပတ် ဂျိုးဘိုင်ဒင် သမ္မတအဖြစ် ကျမ်းကျိန်ပြီးနောက် ထရမ့်ကို ကြားနာစစ်ဆေးမှု ပြုလုပ်တော့မည်မဟုတ်ကြောင်း အထက်လွှတ်တော် လူများစုခေါင်းဆောင် မစ်ချ်မက်ကော် နယ်လ်က ပြောကြားထားပြီးဖြစ်သည်။ သို့ဖြစ်ရာ ယခုစွပ်စွဲပြစ်တင်မှုမှာ ပြယုဂ်သဘောသာ ရှိခဲ့သော်လည်း သမိုင်းတွင် နှစ်ကြိမ်စွပ်စွဲပြစ်တင်ခံရမှု မှတ်တမ်းထင်ကျန်သွားခဲ့ပြီဖြစ်သည်။

"အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဟာ ကျွန်မတို့ ဒီနိုင်ငံအပေါ် အခုလိုလက်နက်ကိုင်သူပုန်ထအောင် ဆူပူအုံကြွအောင် လှုံ့ဆော်ပေးခဲ့တယ်ဆိုတာ ကျွန်မတို့သိရှိပြီးဖြစ်ပါတယ်။ သူ ဆင်းပေးရပါမယ်။ ကျွန်မတို့အားလုံးချစ်တဲ့ နိုင်ငံအတွက် သူဟာရှင်းလင်းတဲ့ လက်ရှိ ပကတိ အန္တရာယ်ကြီးဖြစ်ပါတယ်" ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ က မဲမခွဲမီပြောကြားခဲ့သည်။  

F-05