News

POST TYPE

NEWS

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ ထုတ်ယူရန် ညွှန်ကြား
15-Jan-2021
ရန်ကုန်၊ ဇန်နဝါရီ ၁၄

တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို သက်ဆိုင်ရာဒေသအလိုက် ထုတ်ယူရန် အခြေခံပညာဦးစီးဌာနက ညွှန်ကြားသည်။ 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများထုတ်ယူရန် ရန်ကုန် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးက တိုင်းဒေသကြီး ပြည်နယ်အားလုံးအတွက် အဆင့်မြင့်ပညာ ဦးစီးဌာန၊ ရန်ကုန်တွင် တာဝန်ခံထုတ်ယူပြီး သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ချိတ်ဆက်ပို့ဆောင်ရေးအတွက် အခြေခံပညာဦးစီးဌာနက ကူညီဆောင် ရွက်မည်ဖြစ်သည်။ 

ထိုကဲ့သို့ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများအတွက် တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများအနေနှင့် ဒုတိယညွှန်ကြားရေးမှူး သို့မဟုတ် ယုံကြည်စိတ်ချရသည့် လက်ထောက်ညွှန်ကြားရေးမှူးအား တာဝန်ပေးစေလွှတ်၍ ရန်ကုန်တိုင်းဒေသကြီးမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ကာ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို လုံခြုံစွာသယ်ယူရမည်ဟု ညွှန်ကြားချက်တွင်ပါရှိသည်။ 

တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးရုံးများသို့ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ ရောက်ရှိလာပါက သက်ဆိုင်ရာမြို့နယ်၊ ကျောင်းများအရောက် ဖြန့်ဝေပေးရမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်သို့ ဖြန့်ဝေပေးရမည့်ရက်ကို ထပ်မံအသိပေး ကြေညာမည်ဖြစ်သည်။ 

ယင်းအတွက်ကြောင့် ကျောင်းသား၊ ကျောင်းသူများလက်ဝယ်သို့ မဖြန့်ဝေမီအချိန်အထိ သက်ဆိုင်ရာမြို့နယ်နှင့် ကျောင်းများက လျှို့ဝှက်လုံခြုံစွာထိန်းသိမ်းထားရမည်ဖြစ်ပြီး အဆိုပါဝင်ခွင့်လျှောက်လွှာများကို စနစ်တကျဖြင့် အမြန်ဆုံးသွား ရောက်ထုတ်ယူရန်လည်း ညွှန်ကြားချက် တွင်ပါရှိသည်။ 

လက်ရှိတွင် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ခြင်း၊၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ၏ ဝင်ခွင့်လျှောက်ထားမှုများကို မကြေညာသေးသော်လည်း ဖေဖော်ဝါရီလတွင် ဆေးတက္ကသိုလ် နောက်ဆုံးနှစ်သင်တန်းများကို ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည်။  

S-09