News

POST TYPE

NEWS

ကိုဗစ်ကြောင့် အိမ်၊ ခြံ၊ မြေဈေးကွက် ဇူလိုင်လခန့်မှ အသက်ပြန်ဝင်နိုင်
15-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၁၄ 

ကိုဗစ်ဂယက်ကြောင့် အိမ်၊ ခြံ၊ မြေ ဈေးကွက်ဟာ ဇူလိုင်လလောက်မှပြန်ပြီး အသက်ဝင်နိုင်ဖို့ မျှော်လင့်ရမယ့် အခြေအနေဖြစ်နေတယ်လို့ မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်းကနေ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ စတင် ဖြစ်ပွားခဲ့တဲ့ မတ်လကတည်းကနေ လက်ရှိအချိန်ထိ အိမ်၊ ခြံ၊ မြေ ဈေးကွက်အခြေအနေက အေးစက်နေပြီး ရပ်တန့်လုနီးပါးအထိ ဖြစ်ခဲ့ရပါတယ်။

နောက်ပြီး အခုချိန်ထိလည်း ကိုဗစ်ရောဂါက ဖြစ်ပွားနေဆဲဖြစ်တာကြောင့် ၂၀၂၁ ခုနှစ်ရဲ့ နှစ်ဝက်လောက်အထိကို အိမ်၊ ခြံ၊ မြေဈေးကွက်ဟာ အေးစက်နေနိုင်တယ်လို့ သုံးသပ်ပြောဆိုလိုက်တာဖြစ် ပါတယ်။

“COVID ကာလမှာ ဈေးကွက် မရှိတာတော့ မဟုတ်ဘူး၊ ရှိတယ်။ ရောင်း၊ ဝယ်၊ ငှားတွေက အေးစက်နေတယ်။ ကိုဗစ်ကြောင့် Stay at Home သတ်မှတ်လိုက်ပြီးနောက်မှာ ဈေးကွက်ထိုးကျပေမယ့် ရုံးခန်း ငှား၊ ပြောင်းရွှေ့တာတွေ၊ နောက်ပြီး အိမ်ဝယ်ယူမှုတွေကလည်း အေးနေတယ်။ ကြိုက်ရောင်း။ ကြိုက်ဝယ်ပုံစံမျိုးတော့ သွားနေတယ်။ မြေကွက်ဝယ်ယူမှုကလည်း ပြည်ပရင်းနှီးမြှုပ်နှံသူတွေကမဝင်တော့ မြေဝယ်ပြီး မြှုပ်နှံမယ့်သူကလည်း မရှိတော့ဘူးဖြစ်နေတယ်”လို့ မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု အသင်းပြန်ကြားရေးတာဝန်ခံ ဦးကျော် ထက်က ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတာဟာ ၁၁ လထဲကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် ကိုဗစ်ကြောင့် အလုပ်လက်မဲ့ဖြစ်ရသူ တွေရှိသလို၊ ကုမ္ပဏီလုပ်ငန်း၊ စက်ရုံ။ အလုပ်ရုံ၊ ဝန်ထမ်း၊ တစ်နိုင်တစ်ပိုင်စီးပွား ရေးလုပ်ငန်း လုပ်ကိုင်သူတွေလည်း စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေကြရတာ ကြောင့် အရင်ကငှားရမ်းထားတဲ့အခန်းကို ထပ်မံငှားရမ်းဖို့ အခက်အခဲတွေ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် အိမ်၊ ခြံ၊ မြေ ဈေးကွက်ပေါ် အမှီပြုရပ်တည်နေရတဲ့ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့လည်း စီးပွားရေး အဆင်မပြေမှုတွေ ရှိနေတာကြောင့် ကိုဗစ်ထိန်းချုပ်နိုင်ပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နိုင်ဖို့ မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။ 

ကမာရွတ်မြို့နယ်မှာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်အဖြစ် လုပ်ကိုင်နေတဲ့ ကိုဝင်းကိုက “အခုဖြစ်နေတာက အိမ်၊ ခြံ၊ မြေ ဈေးကွက်တန်ဖိုးတွေ ကျသွားပေမယ့် အဝယ်တွေ မရှိသလောက် နည်းတယ်။ အငှားတောင် သိပ်မရှိဘူး။ အရင်ကဆိုရင် တိုက်ခန်းအငှားသမားက နေ့တိုင်းလိုလို ရှိတယ်။ အရောင်းအဝယ်တွေလည်း ဖြစ်တယ်။ အခု ကိုဗစ်ဖြစ်ကတည်းက အစ်ကိုတို့ အလုပ်မလုပ်ရတာကြာပြီ။ ငှားပြီးသားတိုက်ခန်းတောင် ထပ်ငှားဖို့မတတ်နိုင်လို့ ၆ လအစား ၃ လချုပ်တာတွေရှိတယ်။ အိမ်ငှားသူ၊ ဝယ်သူမရှိတော့ အကျိုးဆောင်တွေလည်း အခက်အခဲကြုံနေရတာပေါ့။ ဒါကြောင့် ကိုဗစ်အမြန်ပြီးမှဖြစ်မယ်"လို့ ပြောပါတယ်။

လက်ရှိ အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ အရင်တုန်းက သိန်း ၅၀ဝ၊ ၄၀ဝ တန်ဖိုး ရှိခဲ့တာတွေက အခုဆိုရင် သိန်း ၃၀ဝ ကျော်လောက်သာ ရှိတော့တာဖြစ်ပြီး အနိမ့်ဆုံးဈေးက သိန်း ၂၀ဝ ဝန်းကျင်ကနေ စတင်ဝယ်ယူလို့ရတဲ့ အခြေအနေရှိနေတယ်လို့ သိရပါတယ်။ 

သိင်္ဂီထွန်း (VOM)