POST TYPE
NEWS
သာသနာ့ဓမ္မဂုဏ်ရည်ကျောင်းတိုက်ကို ယာယီထိန်းသိမ်းထားခြင်းဟု တိုင်းသံဃမဟာနာယကမိန့်
15-Jan-2021

ပုသိမ်၊ ဇန်နဝါရီ ၁၄
ဘင်္ဂါလီ ၁၃ ဦးကို တရားမဝင်ပို့ဆောင်သည့် ဆရာတော်ဦးက္ကန္ဒက သီတင်းသုံးသည့် ပုသိမ်မြို့ရှိ သာသနာ့ဓမ္မဂုဏ်ရည်ကျောင်းတိုက်ကို ယာယီ ထိန်းသိမ်းထားခြင်းသာဖြစ်ကြောင်း ဧရာဝတီတိုင်း သံဃမဟာနာယက ဥက္ကဋ္ဌ မရမ်းချိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောဘိတက မိန့်တော်မူသည်။
သာသနာ့ဓမ္မဂုဏ်ရည်ကျောင်းတိုက်ကို ချိပ်ပိတ်ကာ သိမ်းယူခြင်း မဟုတ်ကြောင်း၊ အပြစ်ကျူးလွန်သည့် ဆရာတော်နှင့်ပတ်သက်၍ အခြားသောပုဂ္ဂိုလ်များနှင့် ယင်းကျောင်းရှိ ကျန်ရှိနေသော သံဃာများ၊ သီလရှင်များ၊ ဒကာများအကြား မလိုလားအပ်သော အခြေအနေများ မဖြစ်ပွားစေရန် ယာယီထိန်းသိမ်းထားခြင်းသာဖြစ်ကြောင်း ဇန်နဝါရီ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ဧရာဝတီတိုင်း သံဃမဟာနာယကအဖွဲ့ရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ မိန့်ကြားခြင်းဖြစ်သည်။
"ခဏတာပိတ် ထိန်းသိမ်းထားခြင်းသာဖြစ်ပါတယ်။ အမှုကိစ္စတွေ ပြီးပြတ်တာနဲ့ ပြန်လည်ဖွင့်မှာပါ။ ကျောင်းရှိ သံဃာသုံးပါးနဲ့ သီလရှင်ဆရာလေးနှစ်ပါးကိုလည်း သီတင်းသုံးနိုင်ဖို့ ပုသိမ်မြို့က ကျောင်းတိုက်နှစ်ခုမှာ စီစဉ်ပေးပြီးဖြစ်ပါတယ်"ဟု ဧရာဝတီတိုင်း သံဃမဟာနာယက ဥက္ကဋ္ဌက မိန့်ကြားသည်။
သာသနာ့ဓမ္မဂုဏ်ရည်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်သည် သာသနာတော်နှင့်ဆန့်ကျင်သည့် အမှုကိစ္စကို လုပ်ဆောင်ခဲ့သည့်အပြင် နိုင်ငံတော် အစိုးရက ချမှတ်ထားသောဥပဒေကိုလည်း ချိုးဖောက်ကျူးလွန်ခဲ့သည့်အတွက် သံဃမဟာနာယကအဖွဲ့မှ ဝိနည်းတော်နှင့်အညီ ဆောင်ရွက်မည်ဖြစ်ကာ အုပ်ချုပ်ရေးပိုင်းကလည်း ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း သံဃမဟာနာယကအဖွဲ့ထံမှ သိရသည်။
ပဲခူးတိုင်း ပြည်မြို့၌ ဒီဇင်ဘာလ ၂၄ ရက်နေ့ကဖမ်းမိခဲ့သည့် ရခိုင်ပြည်နယ်မှ အထောက်အထားမဲ့ ခိုးဝင်လာသည့် ဘင်္ဂါလီ ၁၃ ဦးကို လိုက်ပို့ခဲ့သော သာသနာ့ဓမဂုဏ်ရည်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးက္ကန္ဒကနှင့် ယာဉ်မောင်း ဦးဂိုးလေး (ခ) ဦးခင်မောင်လင်း တို့ကို ရဲတပ်ဖွဲ့က လူကုန်ကူးမှုဖြင့် အမှုဖွင့်ထားပြီး လက်ရှိအချိန်အထိ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
R-04
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
01-Mar-2021