News

POST TYPE

NEWS

AA လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့က ပယ်ဖျက်ရေးအဆို ရခိုင်လွှတ်တော်အတည်ပြု
15-Jan-2021


စစ်တွေ၊ ဇန်နဝါရီ ၁၄

ရခိုင်ပြည်နယ်အတွင်းက လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ AA လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့ အဖြစ်ကနေ ပယ်ဖျက်ပေးရေးအဆိုကို ဇန်နဝါရီ ၁၄ ရက်မှာကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့မှာ အတည်ပြုလိုက်ပါတယ်။ 

အဲ့ဒီအဆိုကို အတည်ပြုလိုက်ရာမှာ ကန့်ကွက်သူမရှိကြောင်းနဲ့ အဆိုကို လွှတ်တော်အမတ်ခုနစ်ဦးက ထောက်ခံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 

အဆိုတင်သွင်းတဲ့ မြောက်ဦးမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က "အဆိုကို အတည်ပြုလိုက်တာဟုတ်ပါတယ်။ ကျွန် တော်တို့က ပြည်သူလူထုရဲ့ဆန္ဒသဘောထားကို လွှတ်တော်မှာတင်ပြပြီးတော့ သက်ဆိုင်ရာပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရတွေကို တိုက်တွန်းတာဖြစ်တယ်။ အကောင်အထည်ဖော်ဖို့ဟာက အစိုးရရဲ့အပိုင်းဖြစ်တယ်၊ အစိုးရအနေနဲ့ ဇန်နဝါရီ ၁၄ မှာ အတည်ပြုလိုက်တဲ့ အဆိုကို အကောင်အထည်ဖော်ပေးနိုင်မယ်လို့ မျှော်လင့်တယ်" လို့ ပြောပါတယ်။ 

လက်ရှိမှာ တပ်မတော်နဲ့ AA တို့ရဲ့  စစ်ပွဲတွေရပ်တန့်နေကာ နေမြေဒေသ ငြိမ်းချမ်းမှုရှိလာတာနဲ့အညီ စစ်ပွဲတွေကြောင့် ပြည်သူလူထုတွေ အတိဒုက္ခရောက်ပြီး ငြိမ်းချမ်းရေးကို တောင်းဆိုနေတဲ့အတွက် ဒီအဆိုကို တင်သွင်းရတာဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။ 

"ပြည်သူလူထုရဲ့ သွားလာနေထိုင်၊ လှုပ်ရှားမှု၊ စားဝတ်နေရေးအခက်အခဲတွေဖြေရှင်းမှု၊ စီးပွားရှာမှုအတွက် တကယ့်လက်တွေ့မြေပြင်အခြေအနေမှာ အကျိုးရှိတဲ့အတွက် ထာဝရအပစ်အခတ်ရပ်စဲနေဖို့၊ တစ်ဦးနဲ့တစ်ဦး သင့်မြတ်၊ ငြိမ်းချမ်းနေမယ်ဆိုရင် ပြည်သူလူထုအတွက် အလွန် ဝမ်းသာစရာဖြစ်မယ်ဆိုပြီး ပြည်သူလူထုကတောင်းဆိုတဲ့အတွက်၊ ဥပဒေပညာရှင်တွေက ထောက်ပြတဲ့အတွက် ဒီအဆိုကို တင်သွင်းတာဖြစ်တယ်။ လတ်တလော မြေပြင်အခြေအနေမှာ ငြိမ်းချမ်းမှုရနေတဲ့အတွက် ငြိမ်းချမ်းရေးတည်တံ့ဖို့အတွက် ထပ်ကာထပ်ကာ စားပွဲဝိုင်းမှာ ထိုင်ပြီး အပြန်အလှန်ဆွေးနွေးနိုင်ဖို့ဆိုရင် ဒီထက်ထိရောက်အကျိုးရှိမယ်လို့ထင်တယ်။ ပြည်သူအပေါ်မှာ အမှန်တကယ် အကျိုးပြုဖို့ဖြစ်တဲ့အတွက် အစိုးရအနေနဲ့လည်း ဒီအဆိုအပေါ်မှာ တစ်စုံတစ်ရာ အကောင်အထည်ဖော်ပေးဖို့ မျှော်လင့်ပါတယ်" လို့ ဦးထွန်းသာစိန်က ပြောပါတယ်။ 

AA အဖွဲ့ကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့် နှစ် မတ်လ ၂၃ ရက်နေ့မှာ နိုင်ငံတော် အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားပြီး လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA တို့ရဲ့ စစ်ပွဲတွေရပ်တန့်နေကာ နှစ်ဖက်တွေ့ ဆုံဆွေးနွေးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။    

ထက်အောင်စိုင်း (VOM)